close

ကြာအင်းဆိပ်ကြီးမြို့နယ်၌ ပစ်ခတ်မှုဖြစ်ပြီး စစ်ကောင်စီတပ်ဖွဲ့ဝင် ၂ ဦး သေဆုံး၊ ၂ ဦး ဒဏ်ရာရ

ကရင်ပြည်နယ်၊ ကြာအင်းဆိပ်ကြီးမြို့နယ်၊ ခလယ်တံခွန်တိုင်ကျေးရွာအုပ်စု၊ ပုလိန်ကျေးရွာမှာ ဒီဇင်ဘာ ၁၆ ရက် ညနေ ၃ နာရီလောက်က  ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် KNLA နဲ့ နယ်မြေကျော်လာတဲ့ စစ်ကောင်စီတပ်တို့အကြား အပြန်အလှန် ပစ်ခတ်မှုဖြစ်ပွားခဲ့တယ်လို့ ဒေသခံတွေက ဒီဗွီဘီကို ပြောပါတယ်။

အင်အား ၁၀  ယောက်လောက် ပါတဲ့ စစ်ကောင်စီတပ်က ကားတစ်စီးဟာ ကေအန်ယူ တပ်မဟာ ၆ ထိန်းချုပ်နယ်မြေဖြစ်တဲ့ ပုလိန်ကျေးရွာထဲကို နယ်မြေကျော်ပြီး ရောက်ရှိလာခဲ့တဲ့အတွက်ကြောင့် KNLA တပ်မဟာ ၆ နဲ့ အပြန်အလှန် ပစ်ခတ်မှု ဖြစ်ပေါ်ခဲ့တာပါ။

အဲဒီနှစ်ဖက် အပြန်အလှန် ပစ်ခတ်မှုကြောင့် စစ်ကောင်စီဘက်က တပ်ဖွဲ့ဝင် ၂ ဦး သေဆုံးပြီး ၂ ဦး ဒဏ်ရာရရှိခဲ့တယ်လို့ ကေအန်ယူနဲ့ နီးစပ်သူ တစ်ဦးက ပြောပါတယ်။

နှစ်ဖက် အပြန်အလှန်  ပစ်ခတ်မှုဖြစ်ပြီးနောက် ပြန်ထွက်မရတဲ့အတွက်ကြောင့် စစ်ကောင်စီတပ်ဖွဲ့ဝင်ဟာ ပုလိန်ကျေးရွာအနီးက အဘစ်ကျေးရွာရှိ တောထဲ တစ်နေရာမှာ ပုန်းခိုနေတယ်လို့ ဆိုပါတယ်။

ပစ်ခတ်မှု ဖြစ်ပြီးနောက် ပုလိန်ကျေးရွာဒေသခံတွေက တိုက်ပွဲ ထပ်ဖြစ်မှာကို စိုးရိမ်ပြီး ထွက်ပြေးတိမ်းရှောင်တာတွေ ရှိတယ်လို့ ဒေသခံတွေက ပြောပါတယ်။

ကြာအင်းဆိပ်ကြီးမြို့နယ်မှာ ပြီးခဲ့တဲ့ အောက်တိုဘာလက စစ်ကောင်စီတပ်နဲ့ KNLA တပ်တို့ ကြား နောက်ဆုံးအကြိမ် တိုက်ပွဲဖြစ်ပွားခဲ့တာ ဖြစ်ပြီး အဲဒီတိုက်ပွဲအတွင်း စစ်ကောင်စီဘက်က ယာယီတပ်ရင်းမှူး ဗိုလ်မှူးသန်းဝင်းထွန်း အပါအဝင် ၇ ဦး သေဆုံးခဲ့ပါတယ်။

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
Up