close

ပြည်တွင်း အာလူးအထွက်နည်းပြီး တရုတ်ဘက်မှ အဝင်နည်းနေသဖြင့် အာလူးဈေးကောင်းနေ

မြန်မာပြည်တွင်းမှာ အာလူးအထွက်နှုန်းလျော့ကျတာနဲ့ တရုတ်နိုင်ငံဘက်ကနေ အာလူးအ၀င်နည်းတာကြောင့်  အာလူးစျေးကောင်းရနေတယ်လို့ သီးနှံစိုက်တောင်သူတွေက ပြောပါတယ်။

ပြည်တွင်းမှာ အာလူးစိုက်ပျိုးရေမှာ မျိုးရရှိမှု အခက်အခဲကြောင့် အရင်နှစ်တွေကထက် အထွက်နှုန်းလည်း လျော့ကျလာသလို တဘက်မှာလည်း တရုတ်−မြန်မာနှစ်နိုင်ငံ နယ်စပ်ဂိတ်တွေကို ကိုဗစ်ရောဂါကာကွယ်ရေးအတွက် ပိတ်ထားခဲ့တာကြောင့် တရုတ်နိုင်ငံမှ ပုံမှန်၀ယ်ယူတင်သွင်းနေတဲ့ အားလူးတွေ ပြည်တွင်းကို အ၀င်လျော့ နည်းခဲ့ပါတယ်။

ပြီးခဲ့တဲ့ နှစ်တွေက အာလူး ၁ ပိဿာကို အမြင့်ဆုံးစျေး ကျပ် ၇၀၀ သာ ရရှိခဲ့ပေမဲ့ အခုနှစ်မှာ ၁ ပိဿာကို ကျပ် ၂၀၀၀ ၀န်းကျင်ထိ စျေးကောင်းရရှိနေတယ်လို့ အာလူးစိုက်တောင်သူတွေထံက သိရပါတယ်။

မကွေးတိုင်းက အာလူးစိုက်တောင်သူတစ်ဦးက “လုပ်သားခစျေးနှုန်းတွေ၊ သွင်းအားစုစျေးနှုန်းတွေသာ တက်လာတယ်။ ဆယ်နှစ်နီးပါးမှာ စျေးနှုန်းက တက်လာတယ်ဆိုတာ မရှိဘူး။ အခုနှစ်က စျေးကောင်းရတယ် ဒီနှစ်က တရုတ်အာလူး အ၀င်မရှိတာရယ်၊ ပြည်တွင်းမှာလည်း အာလူး အထွက်လျော့နေတာကြောင့်ပါ” လို့ဆိုပါတယ်။

မြန်မာနိုင်ငံမှာ စားနပ်ရိက္ခာသီးနှံအားလူးကို တောင်ပေါ်၊ မြေပြန့် တစ်နှစ်ပတ်လုံး စိုက်ပျိုးနိုင်ပြီး  ရှမ်းပြည်နယ်မှာ ၆၀ ရာခိုင်နှုန်းထိ အများဆုံး စိုက်ပျိုးပါတယ်။ ဒါပေမဲ့ အာလူးစိုက်ပျိုးမှု ပမာဏဟာ တနိုင်ငံလုံး အတိုင်းအတာနဲ့ တစ်နှစ်ထက် တစ်နှစ် လျော့နည်းကျဆင်းလာတယ်လို့ သိရပါတယ်။

“တရုတ်က အာလူး၀င်တယ်။ ကျနော်တို့ ဈေးကွက် ခွဲပေးလိုက်ရတယ်။ ဈေးကွက်ထဲ ပစ္စည်းပေါလာတော့ ဈေးကျသွားတယ်။ အဲဒီတော့ ရေရှည်မှာ တောင်သူက မစိုက်နိုင်ဘဲ  အရှုံးနဲ့ ရင်ဆိုင်ရတယ်။ ဒါက အာလူးစိုက်ဧကတွေ လျော့လာတဲ့ အဓိကအချက်ပဲလို့” လို့ အာလူးစိုက် တောင်သူတစ်ဦးက ဆိုပါတယ်။

မြန်မာနိုင်ငံရဲ့ အာလူးစိုက်ပျိုးဧကဟာ ၂၀၁၀–၂၀၁၁ ခုနှစ်မှာ ဧက ၉၆,၀၀၀ ကျော်ရှိခဲ့ပြီး၊  ၂၀၁၇−၂၀၁၈ ခုနှစ်မှာတော့ ဧက ၈၀,၀၀၀ ကျော်သာ စိုက်ပျိုးနိုင်ခဲ့ပါတယ်။

မြန်မာနိုင်ငံမှာ အာလူးအထွက်နှုန်း ပြန်လည်ကောင်းမွန်ဖို့အတွက်  မျိုးရရှိဖို့က အဓိကလိုအပ်ပြီး၊ နယ်စပ်ကနေ တရုတ်အာလူး နှစ်စဥ် ၀င်ရောက်နေတာကိုလည်း  ပြည်တွင်း အာလူးစိုက်ပျိုး တောင်သူတွေ အကျိုးကို ရှေးရှုပြီး တာ၀န်ရှိသူတွေက ကုန်သွယ်ရေးနည်းလမ်းတွေနဲ့ ဟန့်တားပေးဖို့ တောင်သူတွေက လိုလားနေကြပါတယ်။

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
Up