အမျိုးသမီးများအပေါ် အကြမ်းဖက်မှုရပ်တန့်ရန် ပုပ်ဖရန်စစ်က နှစ်သစ်မိန့်ခွန်းတွင် တောင်းဆို

ပုပ်ရဟန်းမင်းကြီး ဖရန်စစ်က ဇန်နဝါရီ ၁ ရက်က နှစ်သစ်ကူးမိန့်ခွန်းပြောကြားရာမှာ အမျိုးသမီးတယောက်ကို ထိခိုက်နာကျင်စေတာဟာ ဘုရားသခင်ကို စော်ကားခြင်းပါလို့ ထည့်ပြောခဲ့ပြီး အမျိုးသမီးများအပေါ် အကြမ်းဖက်မှု ရပ်တန့်ဖို့ တောင်းဆိုလိုက်ပါတယ်။
ပုပ်ဖရန်စစ်က ရိုမန်ကက်သလစ်ကျောင်းတော် စိန့်ပီတာအဆောက်အအုံမှာ မြင့်မြတ်သော မယ်တော်မာရီ အထိမ်းအမှတ်နဲ့ ကမ္ဘာ့ငြိမ်းချမ်းရေးနေ့ တို့ကို ပူးတွဲကျင်းပပေးခဲ့ပါတယ်။
ဖရန်စစ်က မိခင်ဖြစ်မှု ဘဝတွေ ဂုဏ်ပုဒ်တွေနဲ့ နှစ်သစ်မင်္ဂလာဟာ ဆက်စပ်ချည်နှောင်မှု ရှိတဲ့အကြောင်း အကျယ်တဝင့် ရှင်းပြပြီး၊ အမျိုးသမီးများအပေါ် အကြမ်းဖက်မှုတွေ ဆက်မလုပ်ကြဖို့ လေးလေးနက်နက် တောင်းဆိုခဲ့ပါတယ်။
ပုပ်ရဟန်းမင်းကြီး ဖရန်စစ်က “အမျိုးသမီးတွေအပေါ် အကြမ်းဖက်မှုတွေ ဘယ်လောက်များခဲ့ပြီလဲ၊ လုံလောက်ပါပြီ။ အမျိုးသမီးတဦးကို နာကျင်စေခြင်းဟာ ဘုရားသခင်ကို စော်ကားခြင်းပါ၊ ဘာကြောင့်လဲဆိုတော့ ခရစ်တော်က ကျွန်ုပ်တို့လူသားတွေဆီ မိခင်ကတဆင့် လာခဲ့တာကြောင့်ပါ” လို့ ပြောခဲ့ပါတယ်။
ကိုဗစ်ကပ်ဘေးကြီး စတင်ချိန်ကတည်းက ပုပ်ဖရန်စစ်ဟာ နိုင်ငံတိုင်းရဲ့ အိမ်တွင်းအကြမ်းဖက်မှုနဲ့ အခြား အကြမ်းဖက်မှုပေါင်းစုံကို ဆန့်ကျင်တဲ့အကြောင်း မကြာခဏ သတိပေးပြောခဲ့ပါတယ်။ ယခုနှစ် ငြိမ်းချမ်းရေးသဝဏ်လွှာအဖြစ် ပြဿနာတိုင်းကို အကြမ်းဖက် မဖြေရှင်းကြဖို့ နိုင်ငံခေါင်းဆောင်အသီးသီးထံ တိုက်တွန်းတဲ့ မိတ္တူစာကို ပုပ်ရဟန်းမင်းကြီးက ပေးပို့ခဲ့ပါတယ်။