close

ကြံကြိတ်ရာသီဖြစ်သော်လည်း ပြည်တွင်းသကြား စျေးကောင်းရနေ

ပုံမှန်ကြံကြိတ်ရာသီတွေမှာ  ပြည်တွင်းသကြားစျေး ကျဆင်းတတ်ပေမဲ့ အခုရာသီမှာတော့ ပြည်တွင်း သကြား စျေးကောင်းရရှိနေပါတယ်။

နှစ်စဥ် ဒီဇင်ဘာ၊ ဇန်န၀ါရီနဲ့ ဖေဖော်၀ါရီလတွေက ကြံကြိတ်တဲ့ ရာသီတွေ ဖြစ်တဲ့အတွက် စျေးကွက်ကို သကြားအသစ်၀င်ရင် စျေးနှုန်းကျလေ့ရှိပါတယ်။

အခုအခါမှာ ဗီယက်နာမ်နိုင်ငံက မြန်မာ့သကြားကို ၀ယ်ယူမှုရှိနေတာ၊ ပြည်ပသကြားစျေးနဲ့ဒေါ်လာစျေး မြင့်နေတာကြောင့် ပြည်တွင်းကို သကြားတင်သွင်းမှု နည်းလာတာ၊ သကြားတင်သွင်းရာမှာ ကန့်သတ်ချက်တွေ များလာတာ စတဲ့အချက်တွေကြောင့် ပြည်တွင်းသကြားစျေးက ကျဆင်းမသွားဘဲ စျေးဆက်မာနေတယ်လို့ သကြားလုပ်ငန်းရှင်တွေက  ပြောပါတယ်။

လုပ်ငန်းရှင် တစ်ဦးက “ပြည်တွင်းသုံးစွဲမှုနည်းနည်းလျော့သွားတော့ သကြားစျေးကို ကျမယ်ထင်ထားတာ။  ဒါပေမဲ့ ပြည်တွင်း သကြားစျေးက ပုံမှန် ဒီအချိန်အေးနေကျဆိုပေမဲ့ ဒီနှစ်ပုံမှန်အတိုင်းပဲ စျေးက ဆက်မာနေတယ်” လို့ ပြောပါတယ်။

ပြည်ပသကြားစျေးမြင့်တက်နေပြီး တင်သွင်းမှုနည်းလာတာကြောင့် လက်ရှိမှာ ပြည်တွင်းက သကြား ကုန်ကြမ်းသုံးစွဲတဲ့ လုပ်ငန်းအချို့က ပြည်တွင်းသကြားကိုသာ  ၀ယ်ယူအသုံးပြုလာကြတယ်လို့ သိရပါတယ်။

ပြီးခဲ့တဲ့နှစ်မှာ ပြည်တွင်းသကြားစျေး တစ်ပိသာကို ကျပ် ၉၀၀ ၀န်းကျင်သာရှိခဲ့ပြီး အခုနှစ်မှာ သကြားစျေး တစ်ပိသာကို ၁၈၀၀ ကျပ် ၀န်းကျင်ထိစျေးရရှိနေပါတယ်။ 

သကြားစက်တွေကလည်း အခုနှစ်မှာ ကြံတစ်တန်ကို စက်ရုံအရောက်ကျပ် ၅၅၀၀၀ ကနေ ကျပ်၆၀ဝ၀ဝ ကျော်အထိ ပေးကာ ၀ယ်ယူခဲ့ကြပြီး၊ ဒီစျေးကတောင်သူ တွက်ခြေကိုက်တဲ့ စျေးနှုန်းဖြစ်ပါတယ်။

အရည်အသွေးနဲ့ ထုတ်လုပ်မှုစရိတ်မြင့်တဲ့အတွက် ပြည်တွင်းသကြားစက်တွေက လုံလောက်အောင် မထုတ်လုပ်နိုင်တဲ့ လုပ်ငန်းသုံးသကြား (Refined Sugar) တွေကို ပြည်တွင်းက လုပ်ငန်းတွေရဲ့ လိုအပ်ချက်အရ ပြည်ပကနေ စိစစ်ပြီး တင်သွင်းခွင့်ပြုထားတာပါ။

လုပ်ငန်းသုံး သကြားတင်သွင်းရာမှာ မြန်မာနိုင်ငံရင်းနှီးမြှုပ်နှံမှုကော်မရှင်(MIC)ရဲ့ ခွင့်ပြုချက် ရယူ တင်သွင်းရမယ်လို့ မကြာသေးခင်က ကော်မရှင်က သတ်မှတ်လိုက်ပါတယ်။

အဲဒီလိုသတ်မှတ်လိုက်တာဟာ မလိုအပ်ဘဲ သကြားတင်သွင်းမှုကို လျှော့ချနိုင်ဖို့နဲ့၊ ပြည်တွင်းထွက်တဲ့ သကြားကို ဦးတည်သုံးစွဲလာအောင် ရည်ရွယ်တာလို့ ကုန်သည်လုပ်ငန်းရှင်တွေက သုံးသပ်ကြပါတယ်။

မြန်မာနိုင်ငံက လုပ်ငန်းသုံးအတွက် သကြားတွေကို ထိုင်းနဲ့အိန္ဒိယနိုင်ငံတို့က တင်သွင်းနေပါတယ်။ ဒါပေမဲ့ ထိုင်းနယ်စပ်ကနေ ပြည်တွင်းကို တရားမ၀င်မှောင်ခို ၀င်ရောက်လာတဲ့ သကြားတွေကြောင့် ပြည်တွင်း သကြား ထုတ်လုပ်တဲ့လုပ်ငန်းတွေနဲ့ ကြံစိုက်တောင်သူတွေအပေါ် ထိခိုက်နစ်နာမှုတွေ ရှိခဲ့ပါတယ်။

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
Up