ကျောက်တော် ဝါးတောင်စစ်ဘေးရှောင်စခန်းတွင် နေအိမ်အချို့ပြုပြင်ရန် လိုအပ်နေ







ရခိုင်ပြည်နယ်၊ ကျောက်တော်မြို့နယ်ရှိ ဝါးတောင်စစ်ဘေးရှောင်စခန်းမှာ ဒုက္ခ သည်နေအိမ်တချို့ ပြုပြင်ဖို့ လိုအပ်နေပါတယ်။
စစ်ဘေးရှောင်တစ်ဦးဖြစ်သူ မလှဦးက “ကျမတို့ ဒီမှာရောက်နေတာ သုံးနှစ်ကျော်နေပါပြီ။ ရောက်ကတည်းက တာပေါ်လိပ်တွေနဲ့ဖြစ်သလိုနေလာတာပါ။ ခုက တချို့နေအိမ်တွေက ပြုပြင်ဖို့လိုအပ်နေပါပြီ” လို့ ပြောပါတယ်။
ရက္ခိုင့်တပ်တော် (AA) နဲ့ စစ်တပ်အကြား ၂၀၁၈ ခုနှစ်၊ ဒီဇင်ဘာလက စတင်ဖြစ်ပွားခဲ့တဲ့ တိုက်ပွဲကြောင့် ကျောက်တော်မြို့နယ်အတွင်းကနေ ခမောင်း၊ ပြိန်းချောင်း၊ ဂင်ပိ၊ တဲဝ၊ လေကွေ့၊ င/စရိုင်းကိုင်း၊ ပညာဝ၊ ရှင်းမဝန်တောင်း စတဲ့ ကျေးရွာတွေက စစ်ဘေးရှောင်တွေ အဲဒီစခန်းမှာ နေထိုင်နေကြတာပါ။
“ခုကနေရပ်ပြန်လို့လည်း မရသေးဘူး။ အကူအညီတွေကလည်း အရင်လိုမရောက်တော့ တအားဒုက္ခရောက်ရပါတယ်။ ဒီအနီးအနားမှာက လုပ်ကိုင်စားသောက်တာတွေကလည်း အဆင်မပြေပါဘူး” လို့ စစ်ဘေးရှောင်တစ်ဦးက ပြောပါတယ်။
အဲဒီစစ်ဘေးရှောင်စခန်းမှာ ဒုက္ခသည် တစ်ထောင်ကျော်ရှိပြီး သုံးနှစ်ကျော်ကြာလာတာကြောင့် နေအိမ်များပြုပြင်ဖို့ လိုအပ်နေတာလို့ စစ်ဘေးရှောင်တချို့က ပြောပါတယ်။
ရခိုင်မှာ ရက္ခိုင့်တပ်တော် (AA) နဲ့ အာဏာသိမ်းစစ်ကောင်စီတပ်တို့ အကြား တိုက်ပွဲတွေ ရပ်တန့်နေပေမယ့် စစ်ဘေးရှောင်အများစုမှာ နေရပ်မပြန်နိုင်ကြသေးဘဲ ဒုက္ခသည်စခန်းများမှာ အခက်အခဲပေါင်းစုံနဲ့ နေထိုင်နေကြရတာပါ။
ဂျပန်အစိုးရရဲ့ အထူးကိုယ်စားလှယ်ဆာဆာကာဝါခရီးစဥ်အတွင်း ရခိုင်ရှိ IDPs နဲ့ စစ်ဘေးရှောင်တွေအတွက် အမေရိကန်ဒေါ်လာ ၈.၅ သန်းလှူဒါန်းခဲ့ရာ စစ်ကောင်စီခန့် ပြည်ထောင်စုဝန်ကြီးတွေရဲ့ ရခိုင်ခရီးစဥ်အတွင်း စစ်ဘေးရှောင်များနေရပ်ပြန်ဖို့ ဖိအားပေးပြောဆိုတာတွေ ရှိခဲ့ပါတယ်။
MPA