ဂါဇာကမ်းမြောင်ဒေသက ဟာမက်ပစ်မှတ်များကို လက်တုံ့ပြန်ပစ်ခတ်ခဲ့ဟု အစ္စရေးပြော

အစ္စရေးက ဂါဇာကမ်းမြောင်ဒေသထဲက ဟာမက်ပစ်မှတ်တွေကို ဇန်နဝါရီ ၂ ရက်က လက်တုံ့ပြန် ပစ်ခတ်ခဲ့တယ်လို့ အစ္စရေးစစ်တပ်က ပြောပါတယ်။
ဇန်နဝါရီ ၁ ရက်က တယ်အာဗက် ကမ်းလွန်ဒေသမှာ ပါလက်စတိုင်းဘက်က ပစ်လွှတ်လိုက်တဲ့ ရော့ကတ်ဒုံးကျည်နှစ်လုံး ကျရောက်ပေါက်ကွဲခဲ့တာကို လက်တုံ့ပြန်တိုက်ခိုက်လိုက်တာလို့ ဆိုပါတယ်။
စနေနေ့က ပစ်ခတ်မှုနဲ့ပတ်သက်လို့တော့ ဂါဇာမှာ အခြေစိုက်တဲ့ ဘယ်စစ်သွေးကြွအဖွဲ့မှ သူတို့ လက်ချက်လို့ ဝန်ခံထားတာ မရှိသလို၊ ပါလက်စတိုင်း ကမ်းမြောင်ဒေသကို လွှမ်းမိုးတဲ့ ဟာမက် အဖွဲ့ကလည်း ဘာမှတ်ချက်မှ မပေးပါဘူး။
တနင်္ဂနွေနေ့မနက်ပိုင်းမှာ အစ္စရေးဘက်က တန်ပြန်ပစ်ခတ်လိုက်တာကြောင့် ထိခိုက်သေဆုံးသူ မရှိဘူးလို့ ရဲအဖွဲ့က ပြောပါတယ်။
အစ္စရေး စစ်တပ်ဘက်ကတော့ ဂါဇာကမ်းမြောင်ဒေသမှာရှိတဲ့ အကြမ်းဖက်သမားတွေရဲ့ စခန်းတွေကို တိုက်ခိုက်လိုက်တာလို့ ပြောပါတယ်။
ဟာမက် ရေဒီယိုကတော့ သူတို့အဖွဲ့ရဲ့ လုံခြုံရေးစခန်းတွေနဲ့ သင်တန်းတွေ တိုက်ခိုက်ခံလိုက်ရတယ်လို့ ကြေညာပြီး ထိခိုက်သေဆုံးတဲ့ သတင်းတွေကတော့ ထွက်ပေါ်မလာသေးပါဘူး။
ဟာမက်အဖွဲ့ဟာ ပင်လယ်ဘက်ကို ရော့ကတ်ဒုံးကျည်တွေကို စမ်းသပ် ပစ်ခတ်လေ့ရှိပြီး အစ္စရေးဘက်ကို ကျရောက်တာက စမ်းသပ်မှုမှာ တစုံတရာ မှားယွင်းသွားတာကြောင့် ဖြစ်နိုင်တယ်လို့ ဟာမက်အဖွဲ့နဲ့ နီးစပ်တဲ့ Paltimes သတင်းဌာနက ဆိုပါတယ်။
အစ္စရေး-ဂါဇာ စစ်မြေပြင်မှာ မေလက ပါလက်စ္စတိုင်း ၂၅၃ ယောက် သေဆုံးခဲ့ရတဲ့ ၁၁ ရက်ကြာ စစ်ပွဲပြီးကတည်းက သေနတ်သံတွေ တိတ်ဆိတ်နေခဲ့တာပါ။ မေလက တိုက်ပွဲမှာ ပါလက်စတိုင်းဘက်က ရော့ကတ်ဒုံးကျည်တွေကြောင့် အစ္စရေးဘက်မှာလည်း လူ ၁၁ ယောက် သေဆုံးခဲ့ပါတယ်။