close

အီရန်နျူကလီးယားအရေးဆွေးနွေးပွဲ တိုးတက်မှုရှိဟုဆို

၂၀၁၅ နျူကလီးယားသဘောတူညီချက်ကို ပြန်အသက်သွင်းဖို့ တိုက်ရိုက်မဟုတ်တဲ့ ဆွေးနွေးပွဲ နောက်ဆုံး အကျော့မှာ အီရန်နဲ့ အမေရိကန်တို့အကြား တိုးတက်မှု ရခဲ့တယ်လို့ အီရန် နိုင်ငံခြားရေး ဝန်ကြီးဌာနက ဇန်နဝါရီ ၃ ရက် မှာ ပြောပါတယ်။

ဒီဇင်ဘာ ၂၇ ရက်မှာ ဗီယန်နာမြို့မှာ ပြန်စခဲ့တဲ့ ၈ ကျော့မြောက် ဆွေးနွေးပွဲအတွင်း အီရန်အစိုးရ အပေါ် ဒဏ်ခတ်ပိတ်ဆို့မှု အပါအဝင် နယ်ပယ်လေးရပ်မှာ တိုးတက်မှု ရှိခဲ့တယ်လို့ အီရန် နိုင်ငံခြားရေးဝန်ကြီးဌာန ပြောခွင့်ရ ဆာအိခါတစ်ဘ်ဇာဒါက သတင်းစာ ရှင်းလင်းပွဲမှာ ပြောပါတယ်။

အီရန်ရဲ့ အနုမြူရေးရာ လှုပ်ရှားမှုကို ထိန်းချုပ်ရာမှာ တိုးတက်မှုနည်းနည်းပဲ ရှိပေမဲ့ အီရန်အစိုးရဟာ ဒဏ်ခတ်မှု ပယ်ဖျက်ရေး ကနဦး ဈေးဆစ်ထားတဲ့ အချက်တချက်ကို အာရုံစိုက် ထားခဲ့တယ်လို့ ရိုက်တာ သတင်းဌာနက ရေးပါတယ်။

၂၀၁၅ သဘောတူညီချက်အရ အီရန်ရဲ့ အဏုမြူဆိုင်ရာ လှုပ်ရှားမှုတွေကို ကန့်သတ်ပြီး အပြန်အလှန် အနေနဲ့ အီရန်အပေါ် ဒဏ်ခတ်မှု ပယ်ဖျက်ပေးခဲ့တာပါ။ ဒါပေမဲ့ ၂၀၁၈ မှာတော့ အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်က သဘောတူညီချက်ထဲကနေ နုတ်ထွက်ပြီး အီရန်အပေါ် တကျော့ပြန် ဒဏ်ခတ်ခဲ့ပါတယ်။ အီရန်ကလည်း သဘောတူညီချက်ပါ နျူကလီးယားဆိုင်ရာ ကန့်သတ်ချက်တွေကို ချိုးဖောက်ခဲ့ပါတယ်။ 

အီရန်က အမေရိကန် အရာရှိတွေနဲ့ တိုက်ရိုက်တွေ့ဖို့ ငြင်းထားလို့ သဘောတူညီချက်ထဲမှာ ပါတဲ့ ကျန်တဲ့ အင်အားကြီးနိုင်ငံတွေ ဖြစ်တဲ့ ရုရှား၊ တရုတ်၊ ပြင်သစ်၊ ဗြိတိန်၊ ဂျာမနီနဲ့ ဥရောပ သမဂ္ဂ တို့က အီရန်နဲ့ အမေရိကန်ကြား လွန်းပျံချိတ်ဆက်ပေးနေရတယ်လို့ ရိုက်တာသတင်းမှာ ဖော်ပြပါတယ်။

ဒီအခြေအနေဟာ လုပ်ငန်းစဉ်ကို နှေးကွေးစေလို့ စိတ်ပျက်တယ်လို့ အမေရိကန်က ထပ်ခါတလဲ ထုတ်ပြောခဲ့သလို အနောက်နိုင်ငံတွေက အရာရှိတွေကလည်း အီရန်ဟာ အချိန်ဆွဲနေတာ ရှင်းနေတယ်လို့ သံသယ ရှိနေကြပါတယ်။

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
Up