ပွဲကြပ်ကာလ လီဗာပူးအသင်း ကစားသမား မလုံလောက်မှုပြဿနာ ရင်ဆိုင်နေရ

လီဗာပူးအသင်းဟာ ဇန်နဝါရီ ပွဲကြပ်ကာလမှာ ၃ ရက် တပွဲ ကစားဖို့ရှိနေပြီး ကစားသမား မလုံလောက်မှု ပြဿနာနဲ့ ရင်ဆိုင်နေရပါတယ်။
ဂိုးသမား အဲလစ်ဆန်ဘက်ကာ အပြင် နောက်တန်းမှာ ဂျိုလ်မာတစ် နဲ့ ကွင်းလယ်ကစားသမား သီယာဂို အယ်လ်ကန်တာရာ တို့ ဒဏ်ရာရလူစာရင်းမှာ ရှိနေပါတယ်။
ရှေ့တန်းမှာလဲ ဖာမီနို၊ မီနာမီနို နဲ့ အသင်း ရဲ့ လာဘ်ကောင်လို့ တင်စားနေရတဲ့ အိုရီဂီတို့ ဒဏ်ရာရနေပြီး အဓိကတိုက်စစ်မှုးတွေဖြစ်တဲ့ ဆာလက်၊ မာနေးတို့အပြင် အဓိက ကွင်းလည်လူတယောက်ဖြစ်တဲ့ ကီတာတို့ကိုလည်း နိုင်ငံပွဲအတွေအတွက်စေလွတ်ပေးရမှာ ဖြစ်ပါတယ်။
အသင်းရဲ့ လက်ကျန်ပွဲစဉ် အချို့ကို အရန်ကစားသမားတွေနဲ့ လူငယ်ကစားသမားတွေကို ထည့်သွင်းကစားရတော့မှာဖြစ်ပြီး လာမယ် ဇန်နဝါရီလ ၇ ရက် သောကြာနေ့မှာတော့ ကာရာဘောင်ဖလား ဆီမီးဖိုင်နယ်ကို အာဆင်အသင်းနဲ့ အမ်းမရိတ်ကွင်းမှာ သွားရောက်ကစားရမှာပဲဖြစ်ပါတယ်။ လာမယ့် ဒီဇင်ဘာ ၉ ရက်နေ့မှာလည်း Shrewsbury အသင်းနဲ့ အက်ဖ်အေဖလား ကစားဖို့ ရှိပါတယ်။
လီဗာပူးအသင်းဟာ လက်ရှိ ပရီးမီးယားလိဂ်ဇယားမှာ တပွဲလို ၄၂ မှတ်နဲ့ မန်စီးတီး နဲ့ ချဲလ်ဆီး အသင်းတို့အောက် တတိယနေရာမှာ ရပ်တည်နေပြီး ဇန်နဝါရီ ၁၆ ရက်နေ့မှာတော့ ပထမ အကျော့မှာ သရေကျခဲ့တဲ့ ဘန်းဖို့ဒ်အသင်းနဲ့ ယှဉ်ပြိုင်ကစားရမှာလည်းဖြစ်ပါတယ်။
လီဗာပူးအသင်းဟာ ရာသီစကတည်းက အဓိကကစားသမား ဝယ်ယူမှု မရှိတာကြောင့် ပရိသတ်တွေက ဝေဖန်ခဲ့ကြပါတယ်။
လီဗာပူးနည်းပြ ဂျာဂန်ကလော့ ကတော့ ကစားသမားတယောက်ရဲ့ ကိုဗစ်ကာကွယ်ဆေးအခြေအနေဟာ အနာဂတ် အပြောင်းအရွှေ့ကို ဖျက်ဆီးပစ်နိုင်သလို ကလပ်အသင်းက လက်ရှိမှာလည်း ဘယ်သဘောတူညီချက်မှ လုပ်ဆောင်ထားတာမရှိတဲ့အတွက် လစ်လပ်လိုအပ်နေတဲ့ နေရာတွေအတွက် ဇန်နဝါရီလထဲ ဘယ်ကစားသမားကိုမှ ခေါ်ဖို့မဖြစ်နိုင်ဘူးလို့ ပြီးခဲ့တဲ့ ဒီဇင်ဘာပထမပတ် အင်တာဗျူးတခုမှာ ဝန်ခံခဲ့ပါတယ်။
The Mirror သတင်းမှာတော့ ဒီဇန်နဝါရီလအတွင်း လီဗာပူးအသင်းဟာ ပေါင် ၁၈ သန်းတန် အပြောင်းအရွေ့တခု ထွက်ပေါ်လာနိုင်တယ်လို့ ဖော်ပြထားပါတယ်။
လက်ရှိ ပွဲကြပ်ကာလမှာတော့ လီဗာပူးအသင်းအနေနဲ့ ဒဏ်ရာပြဿနာတွေ၊ အဓိကကစားသမား မလုံလောက်မှု ပြဿနာတွေကို ရင်ဆိုင်ရတော့မှာဖြစ်ပြီး ပထမနေရာက မန်စီးတီးနဲ့ တပွဲလို ၉ မှတ်အကွာမှာ ရပ်တည်နေတာဖြစ်ပါတယ်။
နိုင်ငံအသင်းအတွက်စေလွှတ်မယ့် ကစားသမားတွေကို ဇန်နဝါရီလကုန်အထိ ဆုံးရှုံးမှာဖြစ်တာမို့ နောက်ဆုံး ၅ ပွဲမှာ သရေ ၃ ပွဲ ၁ ပွဲ ရှုံးပြီး အနိုင်တပွဲသာ ရရှိထားတဲ့ လီဗာပူး အသင်း တောင့်ခံနိုင်မလားဆိုတာ စောင့်ကြည့်ရမှာ ဖြစ်ပါတယ်။