close

ဂျိုကိုဗစ်၊ ကိုဗစ်၊ တရားဥပဒေစိုးမိုးရေးနဲ့ သြစတြေးလျ အိုးပင်းဂယက်

ကမ္ဘာ့ နံပါတ်တစ် တင်းနစ်သမား နိုဗက်ဂျိုကိုဗစ်ကို ပြည်ဝင်ခွင့်ဗီဇာ ပြန်ရုပ်သိမ်းလိုက်ပြီး သြစတြေးလျနိုင်ငံကနေ ပြန်ထွက်ခွာခိုင်းမယ်လို့ ဝန်ကြီးချုပ် စကော့မော်ရစ်ဆင်က သူရဲ့ တွစ်တာမှာ ရေးထားပါတယ်။

ဆာဗီးယားသမ္မတ အလက်ဇန်းဒါးဘူဇစ်ကလည်း ဂျိုကိုဗစ်ကို သြစတြေးလျနိုင်ငံ ဝင်ခွင့်ရဖို့ သံတမန်နည်းလမ်းတွေနဲ့ အစွမ်းကုန် ကြိုးစားသွားမယ်လို့ ဆိုပါတယ်။

ဂျိုကိုဗစ်ဟာ ဒူးဘိုင်းနိုင်ငံကတဆင့် သြစတြေးလျနိုင်ငံ မယ်ဘုန်းလေဆိပ်ကို ဒေသစံတော်ချိန် ညသန်းခေါင် မတိုင်ခင်မှာ ရောက်ခဲ့ပြီး လေဆိပ်မှာပဲ ထိန်းသိမ်းခံလိုက်ရပါတယ်။ သူရဲ့ ပြည်ဝင်ခွင့် ဗီဇာမှာ လိုအပ်ချက်တွေ ရှိနေတာကြောင့်လို့ သြစတြေးလျနယ်စပ်တပ်ဖွဲ့ (အေဘီအက်ဖ်) ရဲ့ သတင်းထုတ်ပြန်ချက်က ဆိုပါတယ်။

သြစတြေးလျနိုင်ငံသားလည်း မဟုတ်၊ ပြည်ဝင်ခွင့် ဗီဇာလည်းမရှိ၊ သို့မဟုတ် ပြည်ဝင်ခွင့်ဗီဇာ ပယ်ဖျက်ခြင်းခံရတဲ့ ဘယ်သူမဆို ထိန်းသိမ်းခံရပြီး၊ သြစတြေးလျနိုင်ငံမြေပေါ်ကနေ နှင်ထုတ်သွားမယ်’လို့ ကြေညာချက်က ဆိုပါတယ်။

သြစတြေးလျ မီဒီယာဖြစ်တဲ့ အေဘီစီ သတင်းအရတော့ ဂျိုကိုဗစ်ကို ကွာရန်တင်း ဟိုတယ်ကို ခေါ်ဆောင်သွားပြီး၊ ဥပဒေကြောင်းအရ ဆက်လက်ဆောင်ရွက်သွားမယ်လို့ ဆိုပါတယ်။ Tullamarine လေဆိပ်မှာ ဗီဇာကိစ္စတွေကို စိစစ်တာ နာရီတော်တော်ကြာသွားတယ်လို့ ဂျိုကိုဗစ်ရဲ့ဖခင် ဆာဒန်ဂျိုကိုဗစ်က ဆာဗီးယား မီဒီယာတွေကို ပြောပါတယ်။

အခြေအနေတွေ မပြေလည်ရင်တော့ ဂျိုကိုဗစ်ကို ထောက်ခံသူတွေက လမ်းပေါ်ထွက် ဆန္ဒပြကြလိမ့်မယ်လို့လည်း ဂျိုကိုဗစ်ရဲ့ ဖခင်က ပြောပါတယ်။

“ဒါက လွတ်လပ်တဲ့ ကမ္ဘာ့ကြီးအတွက် တိုက်ပွဲတစ်ခုပါ။ ဒါဟာ ဂျိုကိုဗစ်အတွက် တိုက်ပွဲမဟုတ်ဘူး။ ကမ္ဘာကြီး တစ်ခုလုံးရဲ့ တိုက်ပွဲပါ”လို့ဆိုပါတယ်။ 

ဂျိုကိုဗစ်ရဲ့ ဗီဇာဇာတ်လမ်းဟာ သြစတြေးလျအိုးပင်း တင်းနစ်ပြိုင်ပွဲမှာ တခြားသတင်းတွေကို အမြဲတမ်းလိုလို လွှမ်းမိုးနေခဲ့တာပါ။ ဒီမတိုင်ခင်ကတော့ ဗစ်တိုးရီးယားပြည်နယ်အစိုးရက ဂျိုကိုဗစ်ဟာ ကိုဗစ်-၁၉ ကာကွယ်ဆေးဆိုင်ရာ ကင်းလွတ်ခွင့်ရရှိပြီး သြစတြေးလျ အိုးပင်းဝင်ပြိုင်ဖို့ ခွင့်ပြုလိုက်တယ်လို့ ဆိုပါတယ်။

ကိုဗစ်-၁၉ ကာကွယ်ဆေးဆိုင်ရာ ကင်းလွတ်ခွင့်ကို ဘယ်သူဘယ်ဝါ၊ အသက်အပိုင်းအခြား၊ ဘယ်နိုင်ငံသား ဆိုတာတွေကို မဖော်ပြဘဲ သီးခြားလွတ်လပ်တဲ့အဖွဲ့နှစ်ဖွဲ့က ဆုံးဖြတ်တယ်လို့ တင်းနစ် သြစတြေးလျအဖွဲ့နဲ့ ဗစ်တိုးရီးယားအစိုးရ အရာရှိတွေက ပြောပါတယ်။ ဂျိုကိုဗစ်မိုလို့ အခွင့်ထူး မပေးခဲ့ဘူးဆိုတဲ့ သဘောပါ။

ဒါပေမဲ့ဒီသတင်းကြောင့် ပြည်နယ်အစိုးရလည်း ပြင်းပြင်းထန်ထန် ဝေဖန်ခံရပါတယ်။ သြစတြေးလျ အိုးပင်းပြိုင်ပွဲကို လာဖို့ ကိုဗစ်-၁၉ ကာကွယ်ဆေးဆိုင်ရာကင်းလွတ်ခွင့် ရရှိသူ ၂၆ ယောက် ရှိတယ်လို့ ဆိုပါတယ်။ 

ဂျိုကိုဗစ်ဟာ ကိုဗစ်-၁၉ ကာကွယ်ဆေး မဖြစ်မနေ ထိုးခိုင်းတဲ့ စည်းကမ်းကို ပွင့်ပွင့်လင်းလင်းဝေဖန်သူ ဖြစ်ပါတယ်။ သူကိုယ်တိုင်ကတော့ ကာကွယ်ဆေး ထိုး၊ မထိုး ကိုတော့ ထုတ်ဖော်ပြောဆိုဖို့ ငြင်းဆန်ထားသူပါ။

ကိုဗစ်-၁၉ ကာကွယ်ဆေး မထိုးရင် တင်းနစ်ပြိုင်ပွဲ ဝင်ပြိုင်ခွင့် မပြုဘူးဆိုတဲ့ သြစတြေးလျ အစိုးရရဲ့ စည်းကမ်းကြောင့် ဝင်ပြိုင်ဖို့ မသေချာဘူးလို့ အစောပိုင်းက ပြောခဲ့ပါတယ်။

သြစတြေးလျအစိုးရဟာ တစ်နိုင်ငံလုံး အတိုင်းအတာနဲ့လည်း ကာကွယ်ဆေး ထိုးဖို့ တွန်းတွန်းတိုက်တိုက်ဆောင်ရွက်နေပါတယ်။ အခုဆိုရင် အသက် ၁၆ နှစ်နဲ့ အထက် လူဦးရေ ၉၀ ရာခိုင်နှုန်းဟာ ကာကွယ်ဆေး နှစ်ကြိမ် ထိုးထားပြီး၊ နောက်ဆက်တွဲ ကာကွယ်ဆေး booster ထိုးနှံရေးကိုလည်း ကျယ်ကျယ်ပြန့်ပြန့် ဆောင်ရွက်နေချိန် ဖြစ်ပါတယ်။

တင်းနစ်ပြိုင်ပွဲကျင်းပရာ မယ်လ်ဘုန်းမြို့ဆိုတာကလည်း ကိုဗစ်ကပ်ဘေး နှစ်နှစ်တာကာလမှာ အလွန် တင်းကျပ်တဲ့နေရာမှာ နာမည်ကျော်ပါတယ်။ အခုလည်း အိုမီခရွန် ဗိုင်းရပ်စ် ကူးစက်မှု စံချိန်တင် မြင့်မားနေချိန် ဖြစ်ပါတယ်။ 

ဂျိုကိုဗစ်ဟာ ဂရမ်းဆလန်း ချန်ပီယံ အကြိမ် ၂၀ ရရှိထားပြီး ဒီတကြိမ် ဝင်ရောက်ယှဉ်ပြိုင်ဖြစ်မယ်ဆိုရင် သြစတြေးလျအိုးပင်းကို ၁၀ ကြိမ်မြောက် ဝင်ပြိုင်ဖို့ ဖြစ်လာပါလိမ့်မယ်။ ဒါပေမဲ့ ၂၁ ကြိမ်မြောက် ဂရမ်းဆလန်း အိပ်မက်ကတော့ မဖြစ်နိုင်တော့သလောက်ပါပဲ။

ဝန်ကြီးချုပ် စကော့မော်ရစ်ဆင်က “အထူးသဖြင့် သြစတြေးလျ မြေပေါ်မှာ ဥပဒေက ဥပဒေပဲ။ ဥပဒေ အထက်မှာ ဘယ်သူမှ မရှိစေရဘူး”လို့ သူ့ရဲ့ တွစ်တာမှာ ရေးထားပါတယ်။ 

သြစတြေးလျ အိုးပင်းပြိုင်ပွဲကို မယ်လ်ဘုန်းပါ့ခ်မှာ ဇန်နဝါရီ ၁၇ ရက်နေ့ စတင်ကျင်းပတော့မှာ ဖြစ်ပါတယ်။

Photo Credit- Novak Djokovic

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
Up