ထိုင်းတွင် နှစ်သစ်ကူးကာလ ကိုဗစ်-၁၉ ကူးစက်မှုမြင့်မား ၊ ကာကွယ်ရေးစီမံချက်တိုးမြှင့်

ထိုင်းနိုင်ငံမှာ ဒီ ၂၀၂၂ နှစ်သစ်ကူးကာလတွင်း ကိုဗစ်-၁၉ ရောဂါကူးစက်မှု နှစ်ဆနီးပါး မြင့်မားလာတဲ့အတွက် ကျန်းမာရေးဝန်ကြီးဌာနက ကာကွယ်ရေးအဆင့် ထပ်မံတိုးမြှင့်လိုက်ပါ တယ်။
ထိုင်းနိုင်ငံမှာ ဒီကနေ့ ကိုဗစ်-၁၉ ကူးစက်ခံရသူလူနာသစ် ၅၇၇၅ ဦးရှိပြီး ယမန်နေ့က ၃၀၀၀ ကျော်သာရှိတာမို့ နှစ်ဆနီးပါးခုန်တက်သွာတာပြီး အိုမီခရွန်ပိုးကူးစက်မှုဟာလည်း ဒီနှစ်သစ်ကူးကာလနောက်ပိုင်းမှာ နိုင်ငံအနှံ့အလျင်အမြန်ကူးစက်သွားခဲ့ပါတယ်။
အထူးသဖြင့် ချွန်းပူးရီးခရိုင်ဟာ ကူးစက်မှုအများဆုံးဖြစ်တဲ့ ဘန်ကောက်ကို ကျော်သွားပြီလို့ ထိုင်းပြည်သူ့ကျန်းမာရေးဌာန ရောဂါထိန်းချုပ်ရေးညွှန်ကြားရေးမှူး ဒေါက်တာ အိုဖတ်ကန်ကဝင်းဖုန်းက ဒီမနက် သတင်းစာရှင်းပွဲမှာ ပြောပါတယ်။
တကယ်လို့သာ ကာကွယ်ရေးစီမံချက်မတိုးမြှင့်ပါက ပြည်သူတွေကလည်းပူးပေါင်းလိုက်နာ မှုမရှိရင် ရက်ပိုင်းအတွင်းမှာပဲ ကူးစက်သူဦးရေ တစ်နေ့ကို ၁၀၀၀၀ ကျော်ထိ ရောက်လာမှာဖြစ်ကြောင်း၊ ဒါကြောင့် ကာကွယ်ရေးအဆင့်တွေ တိုးမြှင့်ရမယ်လို့ ဆိုပါတယ်။
အဆိုပါ စီမံချက်အဆင့်ဆင့်ကတော့ ကူးစက်မှုဖြစ်ပွားနိုင်တဲ့ နေရာတွေကိုပိတ်ထားဖို့၊ ခရိုင်ဖြတ်ကျော်ခရီးသွားလာမှုတွေဆိုင်းငံ့ပြီး WFH (work from home) အိမ်ကနေပဲ အလုပ်လုပ်ဖို့၊ ကူးစက်မှုမြင့်မားနေတဲ့ ဒေသတွေကို ဇုန်အလိုက်သတ်မှတ်နှိမ်နင်းဖို့၊ VUCA ဆိုတဲ့ ကာကွယ်ဆေးထိုး၊ လူစည်ကားပြွတ်သိပ်မှုကိုရှောင်ကြဉ်၊ ကိုဗစ်ကင်းစင်တဲ့နေရာမှာ ရွေးပြီးနေဖို့နဲ့ မိမိဖာသာ ATK ကိရိယာနဲ့ ပုံမှန်စစ်ဆေးဖို့ အချက်တွေပါဝင်ပါတယ်။
ပြီးခဲ့တဲ့နှစ် နိုဝင်ဘာလမကုန်ခင်ထိ ကိုဗစ်-၁၉ ကူးစက်ရောဂါကာကွယ်ဆေးထိုးထားသူတွေအနေနဲ့ အိုမီခရွန်ပါ ကာကွယ်နိုင်အောင် တတိယအကြိမ် ကာကွယ်ဆေးထပ်ထိုးဖို့ ထိုင်းကျန်းမာရေးဌာနက ထုတ်ပြန်ပါတယ်။
ဒါ့အပြင် ခရီးသွားရာက ပြန်လာသူတွေအနေနဲ့ ၁၄ ရက်တာ မိမိအခြေအနေကို သတိထား စောင့်ကြည့်နေဖို့၊ ထူးခြားတဲ့လက္ခဏာရှိပါက အရေးပေါ်ဖုန်းလိုင်း ၁၃၃၀ ကို ဆက်သွယ်ဖို့ ဒေါက်တာ အိုဖတ်က ပြောပါတယ်။
ထိုင်းနိုင်ငံရဲ့ အိုမီခရွန်ကူးစက်မှုအခြေအနေမှာ ဇန်နဝါရီလ ၄ ရက်နေ့ထိ ၂၀၆၂ ဦးရှိပြီး ခရိုင်ပေါင်း ၅၄ ခုထိပျံ့နှံ့နေပြီဖြစ်ကြောင်း၊ နိုင်ငံခြားပြန်တွေဆီကနေ ၁၁၅၀ ဦး၊ ပြည်တွင်းကူးစက်မှု ၉၅၇ ဦးရှိတယ်လို့ ထိုင်းကျန်းမာရေးဌာနက ထုတ်ပြန်ထားပါတယ်။
ကိုဗစ်-၁၉ အခြေအနေမှာတော့ ဒီကနေ့မှာ ကူးစက်ခံရသူအသစ် ၅၇၇၅ ဦး သေဆုံးသူ ၁၁ ဦး သက်သာပျောက်ကင်းသူ ၂၆၇၃ ဦးရှိပါတယ်၊ ပြီးခဲ့တဲ့ ၂၀၂၀ ခုနှစ်ကစ ဒီနေ့ထိ ကိုဗစ်-၁၉ ကူးစက်ခံရသူပေါင်း ၂၂၄၅၂၅၀ ဦး၊ သက်သာပျောက်ကင်းသူ ၂၁၈၅၅၀၂ ဦးနဲ့ သေဆုံးသူ ၂၁၇၈၀ ဦးရှိပါတယ်။