အိုလံပစ်စိတ်ဓာတ်ကို အမေရိကန် စော်ကားနေဟု မြောက်ကိုရီးယားဝေဖန်

ပေကျင်းအိုလံပစ်ပွဲအပေါ် အမေရိကန်ရဲ့လုပ်ရပ်ဟာ အိုလံပစ်စိတ်ဓာတ်ကို စော်ကားနေတယ်လို့ မြောက်ကိုရီးယားအစိုးရမီဒီယာ KCNA က ဇန်နဝါရီ ၇ ရက်မှာ ပြောလိုက်ပါတယ်။
တရုတ်မြို့တော် ပေကျင်းမှာ ကျင်းပမယ့် ဆောင်းရာသီအိုလံပစ်ပွဲကို မတက်နိုင်တဲ့အတွက် ရန်လိုတဲ့ အင်အားစုတွေနဲ့ ကမ္ဘာ့ကပ်ရောဂါဘေးကို မြောက်ကိုရီးယားအစိုးရက အပြစ်တင် ပါတယ်။
အိုလံပစ်ပွဲတော်ကို သူတို့မတက်နိုင်ပေမယ့် အားကစားပွဲတွေကို သူတို့ထောက်ခံကြောင်း ဖော်ပြထားတဲ့ စာတစောင်ကို မြောက်ကိုရီးယား အိုလံပစ်ကော်မတီနဲ့ ရုပ်ဝတ္ထုယဉ်ကျေးမှုနဲ့ အားကစားဝန်ကြီးဌာနက တရုတ်နိုင်ငံက သက်ဆိုင်ရာဌာနတွေဆီကို ပေးပို့ခဲ့တယ်လို့လည်း KCNA သတင်းဌာနက ဖော်ပြပါတယ်။
ကိုဗစ်-၁၉ ကပ်ရောဂါဆိုင်ရာ စိုးရိမ်စရာတွေကြောင့် မနှစ်က တိုကျိုအိုလံပစ်ပွဲတော်ဆီ အားကစားအဖွဲ့ မလွှတ်ခဲ့တဲ့အတွက် ၂၀၂၂ ခုနှစ် အကုန်ပိုင်းထိ မြောက်ကိုရီးယားကို အိုလံပစ် ပွဲတော်မှာ ပါဝင်ဆင်နွှဲခွင့် မပေးဘဲ နိုင်ငံတကာအိုလံပစ်ကော်မတီက ဆိုင်းငံ့ထားပါတယ်။
ဒါကြောင့် ပေကျင်း ဆောင်းရာသီအိုလံပစ် အားကစားပွဲကို မြောက်ကိုရီးယားက ပါဝင်ကစားတာ မလုပ်နိုင်ပါဘူး။
ဒီစာထဲမှာ အမေရိကန်နဲ့ မဟာမိတ်တွေ ရဲ့ လုပ်ရပ်ကို နိုင်ငံတကာ အိုလံပစ် ပဋိညာဉ်စိတ်ဓာတ်ကို စော်ကားမှု အဖြစ် ဝေဖန်ထားပါတယ်။
ဒါ့အပြင် တရုတ်ရဲ့ နိုင်ငံတကာ ပုံရိပ်ကို ပျက်ပြားအောင် ကြိုးစားတဲ့ အခြေခံလုပ်ရပ်အဖြစ်လည်း ဝေဖန်ထားပါတယ်။