အသံထက်မြန်သည့်ဒုံးကျည် ပစ်မှတ်ထိခဲ့ဟု မြောက်ကိုရီးယားပြော

မြောက်ကိုရီးယားက ဒီသီတင်းပတ်ထဲမှာ အသံထက်မြန်တဲ့ ဒုံးကျည်ကို ပစ်လွှတ်စမ်းသပ်ခဲ့ပြီး ပစ်မှတ်ကို အောင်အောင်မြင်မြင် ထိမှန်ခဲ့တယ်လို့ မြောက်ကိုရီးယားအစိုးရ မီဒီယာ KCNA က ဇန်နဝါရီ ၆ ရက်မှာ ပြောပါတယ်။
ဒါဟာ နျူကလီးယား ဖြုတ်သိမ်းရေး ဆွေးနွေးပွဲတွေ ရပ်တံ့နေချိန် အတောအတွင်း မြောက်ကိုရီးယားက သူ့ရဲ့ စစ်ရေးစွမ်းရည်သစ်အတွက် ဆက်ပြီးအားထုတ်နေတဲ့ ဒုတိယမြောက် စမ်းသပ်ချက်ပါ။
ဇန်နဝါရီ ၅ ရက်က မြောက်ကိုရီးယားရဲ့ ဒုံးကျည်လွှတ်တင်မှုကို ဒေသတွင်း စစ်တပ် အတော်များများက ထောက်လှမ်းနိုင်ခဲ့ပြီး အမေရိကန်၊ တောင်ကိုရီးယားနဲ့ ဂျပန်အစိုးရတွေက ဝေဖန်ပြစ်တင်ခဲ့ပါတယ်။
မြောက်ကိုရီးယားဟာ စက်တင်ဘာလတုန်းကလည်း အသံထက်မြန်တဲ့ဒုံးကျည်ကို ပထမဆုံး ပစ်လွှတ်စမ်းသပ်ခဲ့ပါတယ်။
ပဲ့ထိန်းဒုံးကျည်တွေနဲ့မတူဘဲ အသံထက်မြန်တဲ့ဒုံးကျည်ဟာ အမြင့်မှာ မဟုတ်တဲ့ပစ်မှတ်ကို ပျံသန်းထိမှန်နိုင်ပြီး အသံထက် ငါးဆကျော် ပိုမြန်တဲ့ အမြန်နှုန်း ၁ နာရီမိုင် ၃၈၅၀ နဲ့ ပျံသန်းနိုင်ပါတယ်။
ဗုဒ္ဓဟူးနေ့ စမ်းသပ်ချက်မှာ အသံထက်မြန်တဲ့ ဒုံးကျည်ထိပ်ဖူးဟာ ဒုံးကျည် အားမြှင့်စက်ကနေ ခွဲထွက်အပြီး မိုင် ၄၃၀ အကွာက ပစ်မှတ်ကို အတိအကျ ထိမှန်ခဲ့တယ်လို့ KCNA က ဖော်ပြပါတယ်။