close

မန္တလေးတွင် ပဲစင်းငုံဈေးနှုန်း ယမန်နှစ် ကာလတူအချိန်ထက် ၅ သောင်းကျော် မြင့်တက်

မန္တလေးပဲဈေးကွက်အတွင်း ၂၀၂၂ ပဲရာသီမှာ ပဲစင်းငုံဈေးနှုန်းဟာ မနှစ်က ကာလတူဈေးနှုန်းထက် ၃ တင်းဝင်တစ်အိတ်ကို  ၅ သောင်းကျော်လောက်အထိ ဈေးနှုန်း မြင့်တက်နေတယ်လို့ မန္တလေးမြို့ ပဲနှမ်းကုန်သည်တွေဆီက သိရပါတယ်။

ပြီးခဲ့နှစ်က ပဲစင်းငုံ ၃ တင်းဝင်တစ်အိတ်ကို ငွေကျပ် ၇ သောင်းဝန်းကျင်ရှိခဲ့ပေမယ့် ဒီနှစ်မှာတော့ တစ်အိတ်ကို ငွေကျပ် ၁၂၅၀၀၀ လောက်အထိ ပေါက်ဈေးရှိနေပါတယ်။

မန္တလေးမြို့က ပဲပွဲရုံ ပိုင်ရှင်တစ်ဦးက “အခုအချိန်မှာတော့ ပဲစင်းငုံဟာ ၃ တင်း တစ်အိတ်ကို ၁၂၅၀၀၀ ဈေးပေါက်ပါတယ်။ ပြီးခဲ့တဲ့နှစ်က ကာလတူအချိန်မှာ ပဲစင်းငုံ ၃ တင်းတစ်အိတ်ဟာ ဒီချိန်မှာ ၇ သောင်းပဲရှိပါတယ်။ ဒီနှစ်မှာဆိုရင် ၃ တင်းတစ်အိတ်ကို ၅ သောင်းကျော်လောက်အထိ ဈေးဟာ အပြတ်အသတ်ကို ဈေးရောက်ရှိနေတာ။ ပဲစင်းငုံအနေအထားကတော့ ကျနော်တို့ အဓိက ဖောက်သည်နိုင်ငံဖြစ်တဲ့ အိန္ဒိယနိုင်ငံကို တင်ပို့နေရတာပါ။ ပဲစင်းငုံရဲ့ ထွက်ရှိတဲ့ ၉၅ ရာခိုင်နှုန်းလောက်ကတော့ ပြည်ပပို့ကုန်အနေနဲ့ ပို့ဆောင်နေရတာပါ” လို့ ပြောပါတယ်။

ပဲစင်းငုံ အသစ်တွေဟာ ၂၀၂၂ ခုနှစ်မှာ အရင်နှစ်တွေကထက် စောစီးစွာဝင်ရောက်လာပြီး ပြီးခဲ့တဲ့နှစ် ၂၀၂၁ ခုနှစ်က ပဲစင်းငုံအဖွင့်ဈေးနှုန်းထက် ၃၀၀၀၀ ကျပ် အဖွင့်ဈေးပိုရရှိခဲ့တယ်လို့ သိရပါတယ်။  

ပဲစင်းငုံဟာ အဖြူ၊ အနီ၊ အကြား ၃ မျိုးရှိပြီး ပဲစင်းငုံအနီကတော့ တခြားပဲစင်းငုံတွေထက် ၁ သောင်း ပိုမိုဈေးမြင့်တက်လေ့ရှိတယ်လို့ သိရပါတယ်။ 

လက်ရှိ ပဲစင်းငုံဈေးနှုန်းတင်မကဘဲ နောက်နှစ်ပတ်လောက်ကြာတဲ့အခါမှာ ခင်ဦး၊ ရွှေဘို၊ ရေဦးမြို့နဲ့ ကျောက်ပန်းတောင်း ကွေးနယ်ဘက်တွေကလည်း ပဲစင်းငုံအသစ်တွေ မန္တလေးဈေးကွက်အတွင်းကို ဝင်ရောက်လာတော့မှာဖြစ်ပါတယ်။ 

“အခုကျနော်တို့ ပဲစင်းငုံအဖြူနဲ့အနီနဲ့ဆိုရင် ပဲစင်းငုံအနီက ဈေးကွက်ထဲမှာ ၃ တင်းတစ်အိတ်ကို တစ်သောင်းလောက် ဈေးမြင့်ပါတယ်။ အခုထွက်နေတဲ့ ပဲစင်းငုံတင်မကပါဘူး၊ နှစ်ပတ်လောက်ကြာတဲ့အခါမှာ  ရွှေဘို၊ ခင်ဦး၊ ရေဦး၊ ကျောက်ပန်းတောင်း၊ မကွေးဘက်က ပဲစင်းငုံတွေလည်း မန္တလေးဈေးကွက်ထဲကို မကြာခင် ဝင်ရောက်လာတော့မှာ” လို့ မန္တလေးမြို့က ပဲနှမ်းကုန်သည်တစ်ဦးက ပြောပါတယ်။

ပဲစင်းငုံကို မြန်မာနိုင်ငံအလယ်ပိုင်းနဲ့ အထက်ပိုင်းဒေသတွေဖြစ်တဲ့ မန္တလေး၊ စစ်ကောင်း၊ မကွေးတိုင်းဒေသကြီးတွေမှာ အဓိက စိုက်ပျိုးကြပြီး စိုက်ပျိုးစရိတ်အသက်သာဆုံးနဲ့ ရာသီဥတုဒဏ်ကို ခံနိုင်ရည်ရှိတဲ့ သီးနှံဖြစ်တယ်လို့ သိရပါတယ်။

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
Up