close

အမေရိကန်အရှေ့ဘက်ကမ်းရိုးတန်းမှ ကနေဒါအထိ နှင်းမုန်တိုင်း တိုက်ခတ်

အမေရိကန်နိုင်ငံ အရှေ့ဘက်ကမ်းရိုးတန်းကနေ ကနေဒါနိုင်ငံအထိ ဇန်နဝါရီ ၁၇ ရက် ဆောင်းရာသီ နှင်းမုန်တိုင်း ဖြတ်သန်းတိုက်ခတ်ခဲ့ပါတယ်။

တချို့နေရာတွေမှာ နှင်းထု ၂ ပေကျော်ထိ ကျဆင်းမယ်လို့ ခန့်မှန်းထားတာကြောင့် လေကြောင်း ခရီးစဉ်တွေ ဆိုင်းငံ့ထားရသလို ကားမောင်းသူတွေလည်း နှင်းကြားမှာ သောင်တင်နေပါတယ်။

ဇန်နဝါရီ ၁၇ ရက်က အမေရိကန် လေကြောင်းခရီးစဉ်ပေါင်း ၄၂၀၀ ကျော် ခရီးစဉ်ရွှေ့ဆိုင်း ဖျက်သိမ်းခဲ့ရတယ်လို့ လေကြောင်းခရီးစဉ် စောင့်ကြည့်အစီရင်ခံနေတဲ့ FlightAware အင်တာနက် စာမျက်နှာက ဆိုပါတယ်။

နှင်းတွေရဲ့ အလေးချိန်ကြောင့် ဓာတ်ကြိုးတွေ ပြတ်ကျခဲ့တဲ့အတွက် ဂျော်ဂျီယာပြည်နယ်ကနေ မိန်းပြည်နယ်အထိ ဒေသတလွှားမှာ အိမ်ခြေ ၉၀,၀၀၀ ကျော် လျှပ်စစ်မီးမရှိဘဲ နေခဲ့ရတယ်လို့ PowerOutage.US အင်တာနက်စာမျက်နှာက ဆိုပါတယ်။

အမေရိကန်အရှေ့ပိုင်းမှာတော့ အရပ်ဘက်အခွင့်အရေး ခေါင်းဆောင် မာတင်လူသာကင်းဂျူနီယာ ကို ဂုဏ်ပြုတဲ့ အားလပ်ရက်အတွင်း ပြည်သူတွေ နှင်းဖုံးလမ်းပေါ်မှာ နေကြတာမျိုး ရှောင်ကြဖို့ အရာရှိတွေက တိုက်တွန်းထားပါတယ်။

အိုဟိုင်းအိုးပြည်နယ် အီရီရေကန်နားမှာ နှင်းက ၂၇ လက်မထိ စံချိန်တင် ကျဆင်းခဲ့သလို မြောက်ကာရိုလိုင်းနားပြည်နယ်မှာလည်း နှင်းတွေ စံချိန်တင် ကျဆင်းခဲ့တယ်လို့ အမျိုးသားမိုးလေဝသဌာန NWS က ပြောပါတယ်။

နယူးယောက်၊ ပင်ဆယ်ဗေးနီးယားနဲ့ မြောက်ကာရိုလိုင်းနားပြည်နယ်တွေမှာ နှင်းထု လက်မ ၂၀ ကျော် ကျဆင်းခဲ့တယ်လို့ NWS က ဆိုထားပါတယ်။

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
Up