close

ဖင်လန်နိုင်ငံ နေတိုးအဖွဲ့ဝင် ဖြစ်လာစရာမရှိဟု ဝန်ကြီးချုပ်ပြော

ယူကရိန်းနိုင်ငံက မြောက်အတ္တလန်တိတ်စာချုပ်အဖွဲ့ (NATO) ရဲ့ အဖွဲ့ဝင်နိုင်ငံဖြစ်ရေး မဖြစ်ရေးအတွက် ရုရှားနဲ့ အနောက်နိုင်ငံတွေကြား လတ်တလော အငြင်းပွားနေချိန်မှာ၊ ရုရှားရဲ့အိမ်နီးချင်းနိုင်ငံဖြစ်တဲ့ ဖင်လန်နိုင်ငံကတော့ နေတိုးအဖွဲ့ဝင် မဖြစ်နိုင်သေးဘူးလို့ ဝန်ကြီးချုပ်က အင်တာဗျူးတခုမှာ ပြောပါတယ်။

ဖင်လန်ဝန်ကြီးချုပ် မစ္စဆန်နာ မာရင်းက “ဖင်လန်ရဲ့ လုံခြုံရေးနဲ့ နိုင်ငံခြားရေးမူဝါဒကို ဖင်လန်ကပဲ ဆုံးဖြတ်ရမှာပါ။ အမေရိကန်တို့ ရုရှားတို့ ဝင်ရောက်ဩဇာပေးလို့ မရပါဘူး။ ဖင်လန်ဟာ ရုရှားရဲ့ အိမ်နီးချင်းဖြစ်ပြီး၊ စီးပွားရေး သယ်ယူပို့ဆောင်ရေး သဘာပတ်ဝန်းကျင် စတဲ့ နယ်ပယ်ပေါင်းစုံမှာ ပူးပေါင်းဆောင်ရွက် လုပ်ကိုင်နေတာပါ၊ ရုရှားနဲ့ ကောင်းမွန်တဲ့ သံတမန်ဆက်ဆံရေး တည်ဆောက်ထားပါတယ်” လို့ ပြောပါတယ်။

မစ္စဆန်နာက “ယူကရိန်းက ရုရှားကို စိုးရိမ်နေရသလိုမျိုး၊ ဖင်လန်က စိုးရိမ်နေရတာ မရှိပါဘူး။ ရုရှားက စစ်ရေးချဲ့လည်း သူ့ဘက်ခြမ်းမှာပဲ ချဲ့လို့ရမယ်၊ ကျမတို့မှာ ဥရောပသမဂ္ဂရဲ့ အလွန်ခိုင်မာတဲ့ ရပ်တည်မှုရှိပါတယ်။ အရေးကြီးတာက ရုရှားနဲ့ရော ဥရောပနဲ့ပါ သံတမန်ဆက်ဆံရေး နည်းလမ်းတွေနဲ့ အခြေအနေတိုင်းကို ဖြေရှင်းဖို့ အလွန်အရေးကြီးပါတယ်” လို့ ပြောပါတယ်။

ရုရှားက အိမ်နီးချင်းယူကရိန်းကို ကျူးကျော်လာခဲ့ရင်တော့၊ ဖင်လန်အနေနဲ့လည်း တခုခုကို အမြန်ဆုံး ဆုံးဖြတ်မှာဖြစ်ကြောင်း၊  ဖင်လန်ဟာ နေတိုးနဲ့ မဟာမိတ်ပြုထားပေမဲ့ အဖွဲ့ဝင်နိုင်ငံ မဟုတ်သေးသလို သူမရဲ့ သက်တမ်းကာလအတွင်း ယူကရိန်းလိုမျိုး နေတိုးအဖွဲ့ဝင်နိုင်ငံ လျှောက်ထားမှာ မဟုတ်ဘူးလို့ အပြတ်ပြောဆိုပါတယ်။

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
Up