မန္တလေးမြို့တွင် ဆိုင်ကယ်တစ်စီးပေါက်ကွဲမှုဖြစ်၊ ဆိုင်ကယ်မောင်းလာသူ ပြင်းထန်ဒဏ်ရာရရှိ

မန္တလေးမြို့၊ အောင်မြေသာစံမြို့နယ်၊ မဟာဇေယျာဘုံရပ်ကွက်၊ ၆၃ လမ်းနဲ့ ၂၆ လမ်းအနီးမှာ ဇန်နဝါရီ ၃၁ ရက် မနက် ၆ နာရီကျော်အချိန်က ဆိုင်ကယ်တစ်စီး ပေါက်ကွဲမှုဖြစ်ခဲ့ပါတယ်။
ဆိုင်ကယ် Toolbox အတွင်းက ပေါက်ကွဲတာဖြစ်ခဲ့ပြီး ဆိုင်ကယ်မောင်းလာသူ အမျိုးသားမှာ ပြင်းထန်ဒဏ်ရာများရရှိကာ ဆေးရုံတင်ပို့ထားတယ်လို့ သိရပါတယ်။
“ပေါက်ကွဲတာ ဗုံးလား ဘာလားတော့ မသိဘူး။ ဆိုင်ကယ်တူးဘောက်ထဲကနေ ကွဲတာ။ လက်တွေ ခြေတွေ ပြတ်သွားတယ်။ သေနိုင်တဲ့ အနေအထားဖြစ်တယ်” လို့ အနီးပတ်ဝန်းကျင်ရှိ ပြည်သူတစ်ဦးက ပြောပါတယ်။
ဒါ့အပြင် ပုသိမ်ကြီးမြို့နယ်၊ ပုသိမ်ကြီး-ကျီးကုန်းသွားကားလမ်းအရှေ့ဘက်ရှိ မြို့နယ်စည်ပင်သာယာရေးအဖွဲ့ ရုံးအတွင်းမှာလည်း ဗုံးပေါက်ကွဲမှုဖြစ်ခဲ့ပြီး ထိခိုက်ပျက်စီးတာ မရှိဘူးလို့ သိရပါတယ်။