မြောက်ကိုရီးယား အဆင့်မြင့်တာဝေးပစ်ဒုံးကျည်ပစ်လွှတ်၊ ၁ လအတွင်း ၇ ကြိမ်မြောက် စမ်းသပ်

မြောက်ကိုရီယားက ဇန်နဝါရီ ၃၀ ရက်နေ့က အင်အားပြင်း တာဝေးပစ်ဒုံးကျဉ်တစင်းကို အရှေ့ဘက် ကမ်းရိုးတမ်းကနေ ပင်လယ်ထဲပစ်လွှတ်ခဲ့ပြီး အခုလအတွင်း ၇ ကြိမ်မြောက် စမ်းသပ်ပစ်လွှတ်မှုဖြစ်ပါတယ်။
တောင်ကိုရီးယား စစ်ဦးစီးချုပ်နဲ့ ဂျပန်အစိုးရတို့က မြောက်ကိုရီးယားပစ်လွှတ်ခဲ့တာ တာဝေးပစ် ပဲ့ထိန်းဒုံးကျည်ဖြစ်ပြီး မနက် ၈ နာရီလောက်က မြောက်ကိုရီးယားရဲ့ ဂျာဂန်ပြည်နယ် အရှေ့ကမ်းရိုးတန်းကနေ ပစ်ခဲ့တာလို့ အတည်ပြု ပြောဆိုပါတယ်။
ဒီလအစောပိုင်း ဂျာဂန်ပြည်နယ်ကနေပဲ အသံထက်မြန်တဲ့ ဒုံးကျဉ်နှစ်စင်းကို ပစ်လွှတ်ခဲ့တာပါ။ ကုလသမဂ္ဂက မြောက်ကိုရီးယားရဲ့ တာဝေးပစ် ဒုံးကျည်စမ်းသပ်မှုကို တားမြစ်ထားပြီး နိုင်ငံကြီးတွေကလည်း စီးပွားရေးပိတ်ဆို့မှု ပိုတင်းကြပ်ထားတာကြောင့် ကင်ဂျုံအန်းအစိုးရက ဇန်နဝါရီလထဲမှာ ဒုံးကျည်တွေနဲ့ ပိုပြီးအလုပ်ရှုပ်ပြနေတာပါ။
ဂျပန်နိုင်ငံ ဝန်ကြီးများအဖွဲ့ရဲ့ ပြောရေးဆိုခွင့်ရှိသူ ဟီရိုကာဇူ မတ်ဆူနိုကတော့ အခုပစ်လွှတ်ခဲ့တဲ့ အဆင့်မြင့် တာဝေးပစ်ဒုံးကျည်ဟာ ကီလိုမီတာ ၂၀၀၀ ကျော် ရောက်ရှိပြီး လေပေါ်မှာ မိနစ် ၃၀ ကြာချိန်နဲ့ အကွာအဝေး ကီလိုမီတာ ၈၀၀ ကို ရောက်ရှိခဲ့တယ်လို့ ဂျပန်ရုပ်သံကနေ ပြောဆိုပါတယ်။