close

ထန်တလန်မြို့တွင် တိုက်ပွဲဖြစ်ပွား၊ စစ်ကောင်စီဘက်က ၅ ဦးသေဆုံး

ချင်းပြည်နယ် ထန်တလန်မြို့မှာ ဖေဖော်ဝါရီ ၁ ရက်နေ့က CDF-ထန်တလန်၊ ချင်းအမျိုးသားတပ်မတော် (CNA) ပူးပေါင်းတပ်ဖွဲ့တွေနဲ့ စစ်ကောင်စီတပ်တို့ တိုက်ပွဲ ဖြစ်ပွားခဲ့ပါတယ်။

အဲ့ဒီတိုက်ပွဲဖြစ်ပွားရာမှာ စစ်ကောင်စီတပ်သား ၅ ယောက်သေဆုံးပြီး ၁ ယောက်ဒဏ်ရာရရှိသွားတယ်လို့ ချင်းဒေသကာကွယ်ရေးတပ်ဖွဲ့ CDF- ထန်တလန်ရဲ့ ပြန်ကြားရေးတာဝန်ခံက ဒီဗွီဘီကို ပြောပါတယ်။

စစ်ကောင်စီတပ်ဘက်က လက်နက်ကြီးတွေနဲ့ အဆက်မပြတ်ပစ်ခတ်ပြီး ဒရုန်းတွေနဲ့ ဗုံးကြဲတိုက်ခိုက်ပေမယ့် ညီနောင်မဟာမိတ်တပ်ဖွဲ့က ရဲဘော်တွေ အထိခိုက် အကျအဆုံး မရှိခဲ့ဘူးလို့ ဆိုပါတယ်။

စစ်ကောင်စီတပ်တွေက လက်နက်ကြီးလက်နက်ငယ်တွေနဲ့ ရမ်းသမ်းပစ်ခတ်တာကြောင့် ပြည်သူလူထုရဲ့နေအိမ်တွေ မီးလောင်ပျက်စီးခဲ့ရပြီး CDF-ထန်တလန်အနေနဲ့ အာဏာသိမ်းစစ်ကောင်စီတပ်သားတွေကို အမြစ်ပြတ် ချေမှုန်းသွားမယ်လို့ ပြောပါတယ်။

“ထန်တလန်မြို့က အိမ်ခြေ ၂၀၀၀ လောက်က ပြည်သူ ၁၀,၀၀၀ ကျော်လောက်ဟာ စစ်ကောင်စီတပ်တွေ အကြမ်းဖက်ပြီးမီးရှို့တာကြောင့် တစ်မြို့လုံး ထွက်ပြေးနေကြရတာ။ အခက်အခဲတွေကတော့ အများကြီးပဲ။ စားရေးသောက်ရေး နေထိုင်ရေးနဲ့ ကျန်းမာရေးစောင့်ရှောက်မှုတွေ လိုအပ်တယ်” လို့ ဒေသခံတယောက်က ပြောပါတယ်။

စစ်ဘေးရှောင်ပြည်သူ အများစုဟာ အိန္ဒိယနိုင်ငံနဲ့ နီးစပ်တဲ့ကျေးရွာတွေကို ထွက်ပြေးပြီး ဖြစ်သလို နေထိုင်နေကြရတယ်လို့ ဆိုပါတယ်။

ဒီဇင်ဘာ ၃၀ ရက်နေ့ကနေ ဖေဖော်ဝါရီ ၁ ရက်နေ့အထိ စစ်ကောင်စီတပ်တွေက ထပ်မံမီးရှို့လို့ ဘုရားကျောင်းတစ်ကျောင်းအပါအဝင် အိမ်ခြေ ၉၄ လုံး မီးလောင်ပြာကျခဲ့တယ်လို့ ထန်တလန် နေရာချထားရေးကော်မတီ (TPAC) က ထုတ်ပြန်ထားပါတယ်။

ထန်တလန်မြို့မှာ စစ်ကောင်စီတပ်တွေ မီးရှို့ဖျက်ဆီးတာကြောင့် ဘုရားကျောင်း၊ လူနေအိမ်၊လ စျေးဆိုင်တွေနဲ့ အဆောက်ဦပေါင်း ၉၃၅ လုံး မီးလောင်ဆုံးရှုံးခဲ့တယ်လို့ သိရပါတယ်။

ထန်တလန်တိုက်ပွဲဖြစ်စဉ်နဲ့ ပတ်သက်ပြီး စစ်ကောင်စီဘက်ကတော့ ထုတ်ပြန်ထားတာ မရှိသေးပါဘူး။

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
Up