close

ကနီမြို့နယ်၌ မိုင်းပေါက်ကွဲသဖြင့် ၁ ဦး သေဆုံး၊ စစ်တပ်ဖမ်းသွားသူ ၇ ဦးအနက် ၂ ဦးအလောင်း ပြန်တွေ့

စစ်ကိုင်းတိုင်း၊ ကနီမြိုနယ်၊ ကင်းစံပြကျေးရွာမှာ ဖေဖော်ဝါရီ ၁ ရက်နေ့ မနက် ၇ နာရီလောက်က စစ်‌ကောင်စီတပ်ထောင်ထားတဲ့ မိုင်းပေါက်ကွဲတာကြောင့် အမျိုးသမီးတစ်ဦး သေဆုံးခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။

ကင်းစံပြကျေးရွာကို စစ်ကောင်စီတပ်က ဇန်နဝါရီ ၂၉ ရက်နေ့က ဝင်ရောက်စီးနင်း တပ်စွဲခဲ့တာကြောင့် ကျေးရွာသားတွေ ဘေးလွတ်ရာကို ထွက်ပြေးခဲ့ရပါတယ်။ ဒီနောက် စစ်ကောင်စီတပ် ကျေးရွာအတွင်းကနေ ပြန်ထွက်သွားချိန် နေအိမ်ပြန်နေစဉ်မှာ မိုင်းပေါက်ကွဲခဲ့တာလို့ သိရပါတယ်။

သေဆုံးအမျိုးသမီးရဲ့ အစ်ကိုဖြစ်သူက “သေဆုံးသူက ကျနော့်ညီမဝမ်းကွဲပါ။ အမည်က မနန်းဝေမာပါ။ အသက်က ၃၉ နှစ်ပါဗျ။ အိမ်ထောင်သည်ပါ။ ကလေးသုံးဦးရဲ့မိခင်ပါ။ ဒီ စစ် (-) တွေ မိန်းမလို မိန်မရှာလုပ်ရပ်တွေ လုပ်သွားကြတာ။ မီးဖိုချောင်အတွင်းက ကြောင်အိမ်မှာ မိုင်းထောင်ထားခဲ့ကြတာ။ သူတို့ပြန်သွားလို့ ကိုယ်အိမ်ကိုပြန်နေရင်း ဒီကောင်တွေထောင်ခဲ့တဲ့ မိုင်းပေါက်ကွဲပြီး ကျနော့်ညီမသေရတာ။ ဒီကောင်တွေအပေါ် ကျနော်တို့ တသက်မကျေနပ်ဘူး” လို့ ပြောပါတယ်။

ကနီမြိုနယ်၊ ကင်းစံပြကျေးရွာကို ပြီးခဲ့တဲ့ ဇန်နဝါရီ ၂၉ ရက်နေ့က ဝင်ရောက်တပ်စွဲခဲ့တဲ့ စစ်ကောင်စီတပ်ဟာ အပြစ်မဲ့ ပြည်သူ ၇ ဦးကိုလည်း ဇန်နဝါရီ ၃၁ ရက်နေ့က ဖမ်းဆီးသွားတယ်လို့ ဒေသခံတွေက ပြောပါတယ်။

ဖေဖော်ဝါရီ ၁ ရက်နေ့ ညနေပိုင်းမှာတော့ အသက် ၅၂ နှစ်အရွယ် ဦးစန်းအောင်ရဲ့ အလောင်းကို ရင်ဘတ်မှာ ဓားထိုးဒဏ်ရာနဲ့ သေဆုံးလျက်တွေ့ရပြီး ဒီကနေ့မှာတော့ အသက် ၂၅ နှစ်အရွယ် ကိုဆင်ပေါက်ရဲ့ အလောင်းကို လည်ပင်းဓားခုတ်ဒဏ်ရာနဲ့ ကမ်းစပ်တနေရာမှာ ပြန်တွေ့ရတယ်လို့ မျက်မြင်တွေ့သူတယောက်က ပြောပါတယ်။ 

နောက်ထပ်တယောက်ကိုတော့ ပြည်သူ့ကာကွယ်ရေးအဖွဲ့ဝင်တွေက အသက်ရှင်လျက် ရေကန်ထဲက ကယ်ဆယ်နိုင်ခဲ့ပြီး ကျန် ၄ ယောက်ကတော့ ဘာသတင်းမှ မရသေးဘူးလို့ တပ်ဖွဲ့ဝင်တယောက်က ပြောပါတယ်။

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
Up