close

အာဏာသိမ်းစစ်တပ် နှစ်လုံးပေါက်အကြမ်းဖက်သတ်ဖြတ်နေဟု ကုလလူ့အခွင့်အရေး အထူးသံပြော

မြန်မာအာဏာသိမ်းစစ်တပ်ဟာ အာဏာရလာကတည်းက နှစ်ပေါက်အောင် အကြမ်းဖက်မှုတွေ ဆင်နွှဲပြီး အရပ်သားပြည်သူတွေကို သတ်ဖြတ်နှိပ်စက်ခဲ့တယ်လို့ မြန်မာနိုင်ငံဆိုင်ရာ ကုလသမဂ္ဂ လူ့အခွင့်အရေးဆိုင်ရာအထူးသံတမန် သောမတ်စ်အင်ဒရူးစ်က ပြောကြားလိုက်ပြီး မြန်မာစစ်တပ်ကို ပိုပြီးတင်းကျပ်တဲ့ အရေးယူပိတ်ဆို့မှုတွေ ချမှတ်ဖို့ တောင်းဆိုလိုက်ပါတယ်။

မကြာသေးခင်လတွေအတွင်း အစုလိုက်အပြုံလိုက် သတ်ဖြတ်မှု၊ ဆေးရုံတွေနဲ့ လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ ပစ်မှတ်တွေ တိုက်ခိုက်မှုများ၊ ဗုံးခွဲမှုနဲ့ ရွာတွေကို မီးရှို့ခြင်းဆိုင်ရာ အစီရင်ခံစာတွေ ပိုမိုရရှိခဲ့တယ်လို့ တွမ်အင်ဒရူးစ်က  ဖေဖော်ဝါရီ ၁ ရက်နေ့ ထုတ်ပြန်ချက်မှာ ပြောထားပါတယ်။

စစ်အာဏာရှင်တွေဟာ ရာဇ၀တ်မှုဆိုင်ရာလုပ်ငန်းတစ်ခု အနေနဲ့ကို လုပ်ဆောင်နေတာဖြစ်ပြီး လူသတ်မှု၊ ညှဉ်းပန်းနှိပ်စက်မှု၊ ပြန်ပေးဆွဲမှု၊ အတင်းအကျပ် နေရာရွှေ့ပြောင်းမှုတွေကို ကျူးလွန်နေတဲ့အပြင် ဘဏ္ဍာငွေကြေးတွေကိုလည်း ခိုးယူပြီးတော့ မြန်မာပြည်သူတွေပိုင်တဲ့ ပိုင်ဆိုင်မှုတွေကို သိမ်းနေချိန်ပါပဲလို့ အင်ဒရူးစ်က ပြောပါတယ်။

နိုင်ငံတကာ အသိုက်အဝန်းဟာ စစ်အုပ်စုရဲ့ လက်နက်တွေ၊ ရန်ပုံငွေနဲ့ တရားဝင်မှုရအောင် လုပ်နေတဲ့ လမ်းကြောင်းတွေကို ဖြတ်တောက်ဖို့ ခိုင်မာပြီး အဓိပ္ပါယ်ရှိတဲ့ လုပ်ငန်းအဆင့်တွေကို လုပ်ဆောင်ရပါမယ်လို့လည်း ပြောထားပါတယ်။

မြန်မာနိုင်ငံမှာ အာဏာသိမ်းမှုကိုဆန့်ကျင်တဲ့ တနှစ်ကြာဆန္ဒပြမှုတွေအတွင်း အနည်းဆုံးလူ ၁,၅၀၀ ထက်မနည်း သေဆုံးခဲ့ကြောင်းနဲ့ လက်နက်ကိုင်တိုက်ပွဲတွေအတွင်း ထောင်နဲ့ချီ သေဆုံးဖွယ်ရှိကြောင်း ကုလသမဂ္ဂ လူ့အခွင့်အရေးရုံးကလည်း ပြောကြားခဲ့ပါတယ်။

အဲဒီကာလအတွင်း လက်ရှိ အချုပ်အနှောင်ခံနေရဆဲ ၈၇၉၂ ဦး အပါအ၀င် အနည်းဆုံး လူ ၁၁,၇၈၇ ယောက်ဟာ မြန်မာနိုင်ငံမှာ ဥပဒေမဲ့ ဖမ်းဆီးခံထားရတယ်လို့ ကုလသမဂ္ဂလူ့အခွင့်အရေးရုံး ပြောရေးဆိုခွင့်ရှိသူ ရာဗီနာရှမ်ဒါဆနီက  ဂျီနီဗာမှာ ပြုလုပ်တဲ့ ကုလသမဂ္ဂ သတင်းစာရှင်းလင်းပွဲမှာ ပြောပါတယ်။

မြန်မာပြည်သူတွေဟာ ငြိမ်းချမ်းစွာဆန္ဒပြပွဲတွေမှာပဲဖြစ်ဖြစ်၊ အွန်လိုင်းလှုပ်ရှားမှုတွေကနေတဆင့် ဖြစ်ဖြစ် သူတို့ရဲ့ စစ်တပ်ကိုဆန့်ကျင်ကြောင်း ထုတ်ပြောတဲ့အတွက် ဖမ်းဆီးခံရတာဖြစ်တယ်လို့ ရှမ်ဒါဆနီက ပြောပါတယ်။ 

“သေဆုံးသူပေါင်း ၁၅၀၀ ကို မှတ်တမ်းတင်ထားပြီးဖြစ်တယ်။ ဒါဟာ ဆန္ဒပြမှုတွေအတွက်ပဲဖြစ်တယ်။ အဲ့ဒီထဲမှာ စစ်တပ်အချုပ်အတွင်း ညှဉ်းပန်းနှိပ်စက်မှုကြောင့် သေဆုံးသူ ၂၀၀ ကျော် ပါဝင်တယ်။ ဒီ ၁,၅၀၀ အရေအတွက်ဟာ လက်နက်ကိုင်ပဋိပက္ခကြောင့် သေဆုံးခဲ့ရသူတွေ မပါဝင်သေးဘဲ အဲ့ဒီအရေအတွက်က ထောင်နဲ့ချီပြီး ရှိနေတယ်ဆိုတာ ကျမတို့ နားလည်ပါတယ် ”လို့လည်း ထပ်ဖြည့်ပြောဆိုပါတယ်။ 

မြန်မာစစ်အာဏာရှင်အုပ်စုကတော့ လူ့အခွင့်အရေးအဖွဲ့တွေ ထုတ်ပြန်ထားတဲ့ သေဆုံးသူအရေအတွက် ခန့်မှန်းချက်ကို အရင်ကတည်းက ငြင်းဆန်ထားပါတယ်။

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
Up