တရုတ်နှင့်ဆက်ဆံရေး ရေရှည်တည်မြဲနေဟု ပေကျင်းရောက် ပူတင်ပြော

တရုတ်နိုင်ငံ ပေကျင်းအိုလံပစ်ဖွင့်ပွဲကို ရောက်ရှိနေတဲ့ ရုရှားသမ္မတပူတင်က ရုရှားနဲ့ တရုတ်နိုင်ငံတို့ကြား ဆက်ဆံရေးဟာ တန်းတူမိတ်ဖက်ဆက်ဆံရေးရှိမှု၊ အယူဝါဒအခြေမခံမှု၊ ရေရှည်တည်မြဲမှုတို့အပေါ် အခြေခံထားပြီး တနိုင်ငံနဲ့တနိုင်ငံဆန့်ကျင်မှုမရှိဘဲ ပင်ကိုယ်တန်ဖိုး ရှိ တယ်လို့ တရုတ်မီဒီယာတခုနဲ့ အင်တာဗျူးမှာ ပြောခဲ့ပါတယ်။
China Media Group ဥက္ကဋ္ဌနဲ့ အင်တာဗျူးအစီအစဉ်မှာ ပူတင်က လွန်ခဲ့တဲ့ နှစ် ၂၀ က ချုပ်ဆိုထားတဲ့ ရုရှားနဲ့ တရုတ်ကြား အိမ်နီးချင်းကောင်းပီသရေးနဲ့ ချစ်ကြည်ရင်းနှီးစွာ ပူးပေါင်း ဆောင်ရွက်ရေး စာချုပ်ဟာ နှစ်နိုင်ငံ စဉ်ဆက်မပြတ်ဖွံ့ဖြိုးတိုးတက်စေဖို့နဲ့ မဟာဗျူဟာကျကျ ပူးပေါင်းဆောင်ရွက်ဖို့အတွက် အခြေခံကျတဲ့မူဝါဒ ဥပဒေမူဘောင်တခုဖြစ်တယ်လို့ ပြောပါတယ်။
အဲဒီစာချုပ်ကို သူနဲ့ ရှီကျင့်ဖျင်တို့ ပြီးခဲ့တဲ့နှစ် ဇွန် ၂၈ ရက်နေ့က နောက်ထပ် ၅ နှစ်သက်တမ်း ထပ်တိုးခဲ့တယ်။
ရုရှားနဲ့ တရုတ် ဆက်ဆံရေးဟာ အပြန်အလှန်လေးစားမှု၊ အကျိုးစီးပွားကိုယ်စီကို အလေးထားမှု၊ ကုလသမဂ္ဂ ပဋိညာဉ်နဲ့ နိုင်ငံတကာဥပဒေတွေကို လိုက်နာမှုရှိတယ်လို့ ပြောပါတယ်။
နှစ်နိုင်ငံရဲ့ကုန်သွယ်မှု အမြင့်ဆုံးရောက်ရှိနေပြီး မနှစ်က ကုန်သွယ်မှုပမာဏ ဒေါ်လာ ၁၄၀ ဘီလီယံထိ ရှိခဲ့တယ်လို့ ပြောပါတယ်။