အလုပ်အကိုင် ၆ သန်းကျော်ဖန်တီးပေးနိုင်ဟု သမ္မတ ဘိုင်ဒင်ပြော

ကိုဗစ်-၁၉ ရောဂါကြောင့် စားသုံးသူတွေနဲ့ လုပ်ငန်းရှင်တွေ အခက်အခဲများစွာ ရင်ဆိုင်ခဲ့ရပေမဲ့ အမေရိကန်စီးပွားရေးဟာ ဇန်နဝါရီလမှာ မျှော်မှန်းထားတာထက် အလုပ်အကိုင် ပိုမိုဖန်တီး ပေးနိုင်ခဲ့ကြောင်း သမ္မတဂျိုးဘိုင်ဒင်က ဖေဖော်ဝါရီ ၄ ရက် အိမ်ဖြူတော်သတင်းစာရှင်းလင်းပွဲ မှာ ပြောပါတယ်။
ဘိုင်ဒင်က “အမေရိကန်ရဲ့ အလုပ်ဖန်တီးတဲ့စက်က အရင်ကထက် ပိုအားကောင်းနေပါတယ်၊ နိုင်ငံတဝန်း အလုပ်ကြိုးစားကြတဲ့ အမျိုးသမီး အမျိုးသား အားလုံးအတွက် အလုပ်အကိုင်အခွင့်အလမ်းတွေနဲ့ စီးပွားရေး ပြန်လည်အားကောင်းလာမှုကို ပြသနေပါတယ်” လို့ ပြောပါတယ် ။
ဆက်လက်ပြီးသူက“ အလုပ်အကိုင် ၆ ဒသမ ၆ သန်း ဖန်တီးပေးနိုင်ခဲ့တယ်။ ကိုဗစ်-၁၉ ကူးစက်မှုလည်း သုံးပတ်အတွင်း တဝက်လျော့သွားတယ်၊ ထူးခြားတဲ့စွမ်းဆောင်နိုင်မှုတွေပါ” လို့ သတင်းထောက်မေးတာကို ဖြေပါတယ်။
အမေရိကန်အလုပ်သမားဌာနက ပြီးခဲ့တဲ့နှစ် နိုဝင်ဘာနဲ့ ဒီဇင်ဘာမှာ မျှော်မှန်းထားတာထက် အလုပ်အကိုင် ၇၀၉,၀၀၀ ပိုမိုဖန်တီးနိုင်ခဲ့ပြီး၊ ဇန်နဝါရီလမှာ လုပ်သားထုရဲ့ လုပ်ခလစာ ပိုမိုတိုးမြင့်လာတယ်လို့ အစီရင်ခံစာမှာ ဖော်ပြပါတယ်။
စီးပွားရေးအရှိန်အဟုန် ပြန်မြင့်လာမှုနဲ့ ငွေကြေးဖောင်းပွမှုကို လျော့ချဖို့အတွက် ဗဟိုဘဏ်က မတ်လမှာ အတိုးနှုန်းမြှင့်မယ်လို့လည်း ဘိုင်ဒင်က ပြောပါတယ်။