တိုက်ပွဲပြန် ပြည်သူ့ရဲဘော်များကို ဆောပြည်သူလူထုက အောင်သပြေပန်းများဖြင့် ကြိုဆို



မကွေးတိုင်းဒေသကြီး ဆောမြို့နယ်မှာ ဖေဖော်ဝါရီလ ၄ ရက်နေ့က စစ်ကောင်စီလက်အောက်ခံ တပ်သားတွေနဲ့ ရုံးတွေကို တိုက်ခိုက်ပြီး ပြန်လာတဲ့ ဒေသကာကွယ်ရေးတပ်ဖွဲ့တွေကို ပြည်သူလူထုက အောင်သပြေပန်းတွေနဲ့ ကြိုဆိုခဲ့ကြတယ်လို့ PDF-ဆောကနေ သိရပါတယ်။
စစ်ကောင်စီတပ်တွေ တပ်စွဲထားတဲ့ မြို့တော်ခန်းမနဲ့ မြို့မရဲစခန်းကို မနေ့မနက် ၄ နာရီကျော်လောက်မှာ PDF-ဆော၊YDF (ဆော၊ကျောက်ထု) နဲ့ ညောင်ရမ်း မဟာမိတ်တပ်တို့ ပူးပေါင်းပြီးတိုက်ခိုက်ရာ စစ်ကောင်စီဘက်က ထိခိုက်သေဆုံးသူ ရှိနိုင်တယ်လို့ PDF-ဆောရဲ့ ပြန်ကြားရေးတာဝန်ခံက ဒီဗွီဘီကိုပြောပါတယ်။
“ရဲစခန်းက ဂတ်စာရေးရုံး ထိခိုက်ပျက်စီးသွားပြီး မြို့တော်ခန်းမမှာ တပ်စွဲထားတဲ့ စစ်ကောင်စီတပ်သားတွေနဲ့ ရဲတွေ အပြင်ထွက်မလာရဲဘဲ ပုန်းနေကြတာဗျ။ သူတို့ဘက်ကတော့ လက်နက်ကြီးလက်နက်ငယ်တွေနဲ့ ပြန်ပစ်တယ်။ ကျနော်တိေဘက်ကလည်း လက်နက်ကြီးနဲ့ အဝေးကနေဘဲ လှမ်းပစ်လို့ ၃ ယောက်လောက်တော့ ထိခိုက်သေဆုံးနိုင်ပြီး အတိကျမသိရသေးဘူး” လို့ ပြောပါတယ်။
ပြည်သူတွေ ပိုင်ဆိုင်တဲ့မြေပေါ်မှာ ဆောက်လုပ်ထားတဲ့ ကြံ့ဖွံ့ရုံးနဲ့ ကြံဖွံ့အမတ်ဟောင်းရဲ့ G99 စားသောက်ဆိုင်ကိုလည်း မီးရှို့ဖျက်ဆီးခဲ့ကြတယ်လို့ ပြောပါတယ်။
စစ်ကောင်စီတပ်တွေ တပ်စွဲနိုင်တဲ့ နေရာတွေဖြစ်တဲ့ မီးသတ်ရုံး၊ ကျေးလက်ဦးစီးရုံး၊ မြေစာရင်းရုံး၊ စီမံကိန်းရုံး၊ စိုက်ပျိုးရေးရုံး၊ စည်ပင်ရုံးနဲ့ သစ်တောဦးစီရုံးတွေက စာရွက်စာတမ်းတွေနဲ့ အဆောက်ဦတွေကိုလည်း ဖောက်ခွဲမီးရှို့ ဖျက်ဆီးခဲ့ကြတယ်လို့ ဆိုပါတယ်။
ဆောမြို့နယ် ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့က ဌာနဆိုင်ရာဝန်ထမ်းတွေကို ပြည်သူ့ရင်ခွင်ခိုလှုံဖို့ နည်းအမျိုးမျိုးနဲ့ အကြိမ်ကြိမ် စည်းရုံးသတိပေးခဲ့ပေမယ့် ပြည်သူကို လိမ်ညာထွက်စာတင်ကြကာ စစ်ကောင်စီယန္တရား လည်ပတ်အောင် နေအိမ်တွေ၊ ရုံးတွေကနေ လုပ်ကိုင်လာတာကြောင့် ပြတ်ပြတ်သားသားဆုံးဖြတ်နိုင်အောင် အခုလို လုပ်ဆောင်ရတာလို့ ပြောပါတယ်။
စစ်ကောင်စီတပ်တွေဘက်က မကွေးတိုင်းအတွင်းကို စစ်ကြောင်း ၅ ကြောင်းနဲ့ တိုက်ခိုက်ရေးရော၊ စည်းရုံးရေးပါလုပ်ဆောင်ပြီး ဌာနဆိုင်ရာတွေ ပြန်လည် လည်ပတ်ရေး လုပ်ဆောင်မယ်ဆိုတာ ကြားသိရလို့ အဟန့်အတားဖြစ်အောင် လုပ်ဆောင်ခဲ့ကြတာလို့ ဆိုပါတယ်။
“ကျနော်တို့ ဆောမြို့မှာ ဒီကနေ့မနက်ပိုင်းက ပေါက်ကွဲသံတွေ ပစ်ခတ်သံတွေဆက်တိုက် ကြားရပြီးတော့ အဆောက်ဥေတွေ မီးလောင်တာတွေ့ရတယ်ဗျ။ ကျနော်တို့လည်း အပြင်မထွက်ရဲ ဘူးအိမ်ထဲကနေ ချောင်းကြည့်ရတာ။ မီးတောက်တွေ မီးခိုးတွေကတော့ အများကြီးပဲ၊ ဒေသကာကွယ်ရေးတပ်ဖွဲ့တွေနဲ့ စစ်ကောင်စီတပ်တွေ တိုက်ပွဲဖြစ်တယ်တော့ ကြားတယ်” လို့ မြို့ခံတစ်ယောက်က ပြောပါတယ်။
ဒေသခံ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တွေဘက်ကတော့ ပြည်သူကမွေးတဲ့ အောင်စစ်သည် ဖြစ်တာကြောင့် မိဘပြည်သူတွေ ပို့သတဲ့ မေတ္တာတွေနဲ့ အထိခိုက် အကျဆုံးမရှိဘဲ အောင်အောင်မြင်မြင်ဆုတ်ခွာနိုင်ခဲ့ကြတယ်လို့ ဆောPDF ရဲ့ ပြန်ကြားရေးတာဝန်ခံက ဆိုပါတယ်။
နှစ်ဖက်တိုက်ပွဲတွေနဲ့ ပတ်သက်လို့တော့ ထိခိုက်သေဆုံးတဲ့ အခြေနေကိုတော့ စစ်ကောင်စီဘက်က သတင်းထုတ်ပြန်ထားတာ မတွေ့ရသေးပါဘူး။