ဒီးမော့ဆိုမြို့နယ်၌ စစ်တပ်က ကျေးရွာများကို အကြမ်းဖက်ပစ်ခတ်၊ ဒေသခံ ၃ ဦး ဒဏ်ရာရ





ကယား (ကရင်နီ ) ပြည်နယ်၊ ဒီးမော့ဆိုမြို့နယ်၊ ဆိုဘောသဲကျေးရွာကို ဖေဖော်ဝါရီ ၄ ရက် မနက် ၁၁ နာရီ ဝန်းကျင်လောက်မှာ စစ်ကောင်စီတပ်က လက်နက်ကြီးနဲ့ အကြမ်းဖက်ပစ်ခတ်ခဲ့လို့ ရွာသား ၃ ဦး ထိခိုက်ဒဏ်ရာ ရခဲ့ပါတယ်။
ဘုရားကျောင်းတစ်ကျောင်း ထိခိုက်ပျက်စီးခဲ့ပြီး လက်နက်ကြီးကျရာ ကျေးရွာက ပြည်သူတွေ ဘေးလွတ်ရာကို ထွက်ပြေးတိမ်းရှောင်ခဲ့ရပါတယ်။
ဒီးမော့ဆိုမြို့နယ် ငွေတောင်ဆည်အနီး ပြည်အောင်ရတနာ ဆီဆိုင်နားမှာ ဖေဖော်ဝါရီ ၄ ရက် မနက် ၅ နာရီ ဝန်းကျင်ကတည်းက စစ်ကောင်စီတပ်နဲ့ ဒေသခံကာကွယ်ရေးတပ်ဖွဲ့တွေ တိုက်ပွဲ ဖြစ်ပွားနေပါတယ်။
တိုက်ပွဲ ဖြစ်ပွားရာနေရာနဲ့ လက်နက်ကြီး ကျခဲ့တဲ့နေရာဟာ ဝေးကွာလှပြီး စစ်ကောင်စီက ပြည်သူတွေရှိတဲ့ ကျေးရွာဆီသို့ ရည်ရွယ်ချက်ရှိရှိ ပစ်ခတ်ခဲ့တာလို့ ဒေသခံတွေက ပြောပါတယ်။