close

မောင်တောတွင် စစ်ကောင်စီ နယ်ခြားစောင့်တပ်သား ၂ ဦး မိုင်းနင်းမိပြီးသေဆုံး

ရခိုင်ပြည်နယ်၊ မောင်တောမြို့နယ်မြောက်ပိုင်းမှာ ARSA အကြမ်းဖက်အဖွဲ့ ထောင်ထားတဲ့ မိုင်းနင်းမိပြီး စစ်ကောင်စီလက်အောက်ခံ  နယ်ခြားစောင့်တပ်ဖွဲ့ဝင် ၂ ယောက် မိုင်းနင်းမိပြီး သေဆုံးကာ  ၁ ယောက် ဒဏ်ရာရရှိခဲ့ကြတယ်လို့ တာဝန်ရှိသူတွေထံက သိရပါတယ်။

စစ်တပ်က လိုက်လံရှင်းလင်းစဥ်မှာ ARSA အကြမ်းဖက်တစ်ဦး အသေရရှိခဲ့ကြောင်း တာဝန်ရှိသူတွေဆီက သိပါတယ်။

“မိုင်တိုင် ၄၃ နဲ့ ၄၄ မှာ နယ်စပ်ခြံစည်းရိုးထိုးနေတာ ရှိတယ်။ အဲဒီမှာ လုံခြုံရေးယူထားတဲ့ နယ်ခြားစောင့်တွေ မိုင်းနင်းမိပြီး ၁ ဦး ပွဲချင်းပြီးသေဆုံးတယ်။ ကျန် ၂ ဦးက ဒဏ်ရာရတယ်။ ဒဏ်ရာပြင်းထန်သူ ၁ ဦး လမ်းမှာ ထပ်ဆုံးတယ်။ ဒဏ်ရာနဲ့ ၁ ဦးကတေ့ာ ဘူသီးတောင်ဆေးရုံမှာ ရောက်နေတယ်။ စစ်တပ်က လိုက်ရှင်းတော ARSA အလောင်းတစ်လောင်း ရရှိတယ်”လို့ တာဝန်ရှိ အရာရှိတစ်ဦးကပြောပါတယ်။

ဖေဖော်ဝါရီ ၄ ရက် မနက်ပိုင်းက  မြန်မာနဲ့ ဘင်္ဂလားဒေ့ရှ် Boder Point မှတ်တိုင်အမှတ် ၄၃ နဲ့ ၄၄ မှာ နယ်စပ်ခြံစည်းရိုး အဆင့်မြှင့်တင်တဲ့လုပ်ငန်းကို GE တပ်ရင်းမှ အလုပ်သမားတွေ လုပ်ဆောင်နေရာမှာ လုံခြုံရေးလိုက်ပေးနေတဲ့ နခခ(၆)မှ နယ်ခြားစောင့်တပ်ဖွဲ့ဝင်တွေ မိုင်းနင်းမိလို့ သေဆုံးဒဏ်ရာရရှိခဲ့ကြတာလည်း ဖြစ်ပါတယ်။

မောင်တောမြို့နယ်အမတ်ဟောင်း ဦးထွန်းလှစိန်က “ဘင်္ဂလားနယ်စပ်ဘက်ကနေ လာပြီးထောင်ထားတဲ့ မိုင်းနင်းမိပြီး  ၂ ဦး သေဆုံးတယ်။ ဒဏ်ရာရသူတွေက မောင်တော ဆေးရုံကို ရောက်နေကြတယ်”လို့ ဆိုပါတယ်။

ဖေဖော်ဝါရီ ၄ ရက် မနက်ပိုင်းက နယ်ခြားမှတ်တိုင် ၄၃ နဲ့ ၄၄ မှာ  မိုင်းပေါက်ကွဲမှုဖြစ်ပွားခဲ့ပြီး အခုလိုသေဆုံးဒဏ်ရာရရှိခဲ့ကြသလို နေ့လယ်ပိုင်းမှာတော ခမောင်းဆိတ်အနားက ငါးရံချောင်း ကျေးရွာဟောင်းဘက်မှာလည်း  နယ်ခြားစောင့်တပ်နဲ့ ARSA တို့တိုက်ပွဲ ဖြစ်ခဲ့ပါတယ်။

၂၀၂၂ ခု နှစ်ဆန်းပိုင်း ဇန်နဝါရီ မှစပြီး ARSA အဖွဲ့ ခေါင်းဆောင်တွေအပါအဝင် အင်အား ၅၀ ကျော်လောက်ရှိတဲ့ တပ်ဖွဲ့ဝင်တွေ လက်နက်အပြည့်အစုံနဲ့ စစ်ရေးလှုပ်ရှားတဲ့ ဓာတ်ပုံတွေ၊ ဗွီဒီယိုဖိုင်တွေ အွန်လိုင်းပေါ် ထွက်ပေါ်လာခဲ့ပြီးနောက်ပိုင်း အခုလိုတိုက်ပွဲတွေ ဖြစ်လာတာပါ။

မြန်မာနိုင်ငံမှာ စစ်တပ်အာဏာသိမ်းပြီးနောက် နယ်စပ်လုံခြုံရေးတွေ ကျိုးပေါက်လာနေတာ ဖြစ်ပါတယ်။

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
Up