တနှစ်ကျော်အတွင်း စစ်တပ်ကပြည်သူ ၁၅၃၀ ခန့်ကို သတ်ဖြတ်၊ ဖမ်းဆီးခံရသူ ၁၂၀၀၀ ကျော်လာ

မြန်မာနိုင်ငံမှာ မတရားအာဏာသိမ်းကာလ ၁ နှစ်ကျော်အကြာ စစ်ကောင်စီတပ်တွေရဲ့ အကြမ်းဖက်ပစ်ခတ်သတ်ဖြတ်မှုကြောင့် အပြစ်မဲ့ကျဆုံးပြည်သူ ၁၅၂၆ ယောက်နဲ့ ဖမ်းဆီးထိန်း သိမ်းခံရသူပေါင်း ၁၂၀၀၉ ယောက်ထိ ရှိလာခဲ့ပြီလို့ နိုင်ငံရေးအကျဉ်းသားများကူညီစောင့် ရှောက်ရေးအသင်း (အေအေပီပီ) က ထုတ်ပြန်ပါတယ်။
ဒီစာရင်းဟာ ပြီးခဲ့တဲ့ ၂၀၂၁ ခုနှစ်၊ ဖေဖော်ဝါရီ ၁ ရက်မှ ၂၀၂၂ ခုနှစ်၊ ဖေဖော်ဝါရီ ၇ ရက်အထိ အေအေပီပီက ကောက်ယူမှတ်တမ်းပြုစုထားတာဖြစ်ပြီး အမှန်တကယ်ကျဆုံးသူတွေဟာ ဒီထက်ပိုနိုင်တယ်လို့ ဖော်ပြထားပါတယ်။
နွေဦးတော်လှန်ရေးကာလအတွင်း ဒီနေ့အထိ ၉၀၀၆ ယောက် လက်ရှိချုပ်နှောင်ခံထားရဆဲဖြစ်ပြီး အဲဒီထဲက ၆၇၅ ယောက်ကတော့ ထောင်ဒဏ်ချမှတ်ခံထားရပါတယ်။
ပြစ်ဒဏ်ကျခံရသူတွေထဲက အသက် ၁၈ နှစ်အောက် ကလေး ၂ ယောက်အပါအဝင် ၄၅ ယောက်ကတော့ သေဒဏ်ချမှတ်ခံထားရတယ်လို့ ဆိုပါတယ်။
ဖမ်းဝရမ်းထုတ်ခံထားရတာကြောင့် တိမ်းရှောင်နေသူ ၁၉၇၄ ယောက်ထဲက မျက်ကွယ် သေဒဏ်ချမှတ်ခြင်းခံထားရသူ ၃၉ ယောက်အပါအဝင် ၁၁၈ ယောက်ကတော့ မျက်ကွယ် ပြစ်ဒဏ်ချခံထားရပြီး သေဒဏ်ချမှတ်ခံထားရသူ စုစုပေါင်း ၈၄ ယောက် ရှိပြီဖြစ်ပါတယ်။
ပြီးခဲ့တဲ့ ဖေဖော်ဝါရီ ၅ ရက် ညနေပိုင်းက ပဲခူးတိုင်းဒေသကြီး၊ ကြို့ပင်ကောက်မြို့နယ်၊ စိုင်း ဂေါင်းကျေးရွာမှ ကိုဖြိုးကျော်ဟန်နဲ့ ကိုရှိုင်းဝဏ္ဏထက်တို့ ၂ ယောက်ဟာ ညောင်မြိုင်ကျေးရွာကို မင်္ဂလာဆောင်ဖိတ်စာ ဝေဖို့အသွားလမ်းမှာ စစ်တပ်က သူတို့ကို တားဆီးစစ်ဆေးခဲ့ ပါတယ်။
ကိုရှိုင်းဝဏ္ဏထက်မှာ စစ်ဆေးမှုကိုမခံယူဘဲ ထွက်ပြေးသွားခဲ့ပြီး ညောင်ပင်အိုင်ကျေးရွာမှာ ပုန်းခိုနေချိန် ကျေးရွာအုပ်ချုပ်ရေးမှူးက ဖမ်းဆီးပြီး စစ်တပ်ဆီ အပ်နှံခဲ့တာကြောင့် ညှဉ်းပန်းနှိပ်စက်စစ်ကြောခံခဲ့ရကြောင်း သိရှိရပါတယ်။ ကိုဖြိုးကျော်ဟန်ကတော့ စစ်ဆေးမှုကို ခံယူခဲ့ပြီး သူ့ရဲ့ ဖုန်းထဲက လူမှုကွန်ရက်စာမျက်နှာမှာ NUG Profile ကို တွေ့ရှိခဲ့တာကြောင့် သူ့ကိုသွားခိုင်းကာ နောက်ကျောကနေ ပစ်သတ်ခဲ့ကြောင်း သိရှိရပါတယ်။
စစ်ကိုင်းတိုင်း၊ ကနီမြို့နယ်၊ ကင်းစံပြကျေးရွာကို အကြမ်းဖက်စစ်အုပ်စုတပ်က ဇန်နဝါရီ ၂၉ ရက်ကတည်းက စတင်တပ်စွဲခဲ့ပြီး ဇန်နဝါရီ ၃၁ ရက်မှာတော့ အရပ်သား ၇ ယောက်ကို ဖမ်းဆီးသွားခဲ့ပါတယ်။ အဆိုပါအရပ်သား ၇ ယောက်ထဲက ၃ ယောက်ဖြစ်တဲ့ အသက် ၅၂ နှစ်အရွယ် ဦးစန်းအောင်၊ ကိုဆင်ပေါက် (ခ) ကိုချမ်းသာတို့ရဲ့ ရုပ်အလောင်းတွေကို ဖေဖော်ဝါရီ ၁ ရက်မှာ တွေ့ရှိခဲ့ပြီး ၃ ရက်မှာတော့ ကိုမင်းမင်းရဲ့ ရုပ်အလောင်းကို ထပ်မံတွေ့ရှိခဲ့ကြောင်း သိရှိရပါတယ်။ ကျန်ဒေသခံ ၃ ယောက်ရဲ့ အခြေအနေကိုလည်း သိရှိရခြင်း မရှိသေးဘူးလို့ အေအေပီပီက ဆိုပါတယ်။
ဒါ့အပြင် ကင်းစံပြကျေးရွာမှာတော့ ဖေဖော်ဝါရီ ၁ ရက်မနက် ၇ နာရီလောက်က နေအိမ်မှာ စစ်အုပ်စုတပ်က ထောင်ထားတဲ့ မိုင်းပေါက်ကွဲတာကြောင့် ဒေသခံအမျိုးသမီးတယောက် ဖြစ်တဲ့ မနန်းဝေမာဟာ ကျဆုံးသွားခဲ့ကြောင်း သိရှိရပါတယ်။
အရပ်ဘက်အဖွဲ့အစည်းတွေက ခေါင်းဆောင်တွေ၊ အရပ်သားတွေ၊ တက်ကြွလှုပ်ရှားသူတွေ၊ သတင်းသမားတွေ၊ CDM လှုပ်ရှားနေတဲ့ ဝန်ထမ်းတွေစတဲ့ နယ်ပယ်အသီးသီးမှ ဘယ်သူမဆို ဖမ်းဆီး၊ ထိန်းသိမ်း၊ တရားစွဲဆိုခံထားရတာတွေနဲ့ ပတ်သက်လို့ နွေဦးတော်လှန် ရေးကာလအတွင်း ကျဆုံးသွားသူတွေရဲ့ အချက်အလက်တွေကိုသိရှိပါက အေအေပီပီကို ဆက်သွယ်အသိပေး အကြောင်းကြားနိုင်ပါတယ်။
ဒါ့အပြင် ကျဆုံးအချက်အလက်တွေကို ဖော်ပြပါ [email protected] အီးမေးလ်နဲ့ အဖမ်းအဆီးအချက်အလက်တွေကို [email protected] အီးမေးလ်တွေဆီလည်း တိုက်ရိုက်ပေးပို့ ဆက်သွယ်အကြောင်းကြားနိုင်ကြောင်း အသိပေးထားပါတယ်။