close

စစ်ကောင်စီတပ် မြေပြင်၊ ဝေဟင် ထိုးစစ်ကြောင့် ရေဦးဒေသခံ ထောင်ချီထွက်ပြေးနေရ

စစ်ကိုင်းတိုင်း ရေဦးမြို့နယ်အတွင်း ဖေဖော်ဝါရီ ၆ ရက်နဲ့ ၇ ရက်နေ့မှာ စစ်ကောင်စီတပ်က အင်အား အလုံးအရင်းနဲ့ မြေပြင်ရော လေကြောင်းရောပေါင်းပြီး ထိုးစစ်ဆင် တိုက်ခိုက်နေတာကြောင့် ဒေသခံထောင်နဲ့ချီ ထွက်ပြေးနေရပါတယ်။

စစ်ကောင်စီတပ်ရဲ့ ထိုးစစ်ကြောင့် တောင်ပြင်ငယ်ကျေးရွာနဲ့ ပလူဇဝရွာသားတွေ ထွက်ပြေးတိမ်းရှောင်နေရတာလို့ ဒေသခံတွေက ပြောပါတယ်။

“ကျနော်တို့ တောင်ပြင်ငယ်ရွာကို ဖေဖော်ဝါရီလ ၆ ရက်နေ့ညနေပိုင်းမှာ ဝင်ရောက်တိုက်ခိုက်တာ။ ပထမ ဂျက်လေယာဉ် ၃ စီးနဲ့လာပြီး စစ်သားတွေ လာချတယ်ဗျ။ နောက်တော့ M35 လို့ ပြောတာ ပဲ၊ အဲဒီလေယာဉ်နဲ့ ပစ်တော့တာပဲ။ အဝတ်တထည် ကိုယ်တခုနဲ့ ထွက်ပြေးခဲ့ရတယ်ဗျ။ ဖေဖော်ဝါရီ ၇ ရက်‌နေ့ကတော့ ကျနော်တို့ရွာနဲ့ သိပ်မဝေးတဲ့ ပလူဇဝကျေးရွာကို ထပ်ပြီး ဂျက်လေယာဉ် ၃ စီးနဲ့ စစ်သားလာတွေ လာချတယ်။ အဲလိုချပြီးမကြာဘူး၊ M35 လေယာဉ်နဲ့ ထပ်ပစ်တယ်ဗျ။ အပျက်အစီးနဲ့ အထိအခိုက် အကျအဆုံးကတော့ လောလောဆယ် ပြေးနေရတော့ နှစ်ရွာလုံး အတိကျမသိရသေးဘူးလို့” တောင်ပြင်ငယ်ကျေးရွာသားတဦးက ပြောပါတယ်။

အဆိုရွာနှစ်ရွာဟာ အိမ်ခြေ ၈၀၀ ကျော်ရှိကာ အခြား အောင်ရေတွင်းရွာ၊ အောင်သုခရွာ၊ သစ်ဖရွာ၊ ဂွေ့ငူရွာနဲ့ ပေါ့စမ်းအိုင်ရွာက ရွာသားတွေပါ ဘေးလွတ်ရာကို စစ်ဘေးရှောင်နေကြရတယ်လို့ ဆိုပါတယ်။

စစ်ကောင်စီက အခုလို စစ်အင်အားအလုံးအရင်းနဲ့ ဝင်ရောက်ပစ်ခတ်ရှာဖွေတာတွေ ဘာကြောင့် လုပ်ရတာဆိုတဲ့အကြောင်းရင်းကို မသိဘူးလို့ ဒေသခံတွေက ပြောပါတယ်။

အဲဒီကျေးရွာနှစ်ရွာကို စစ်ကောင်စီက ပိတ်ဆို့ရှာဖွေခံရတဲ့အထဲ ပရဟိတသင်ကြား‌ပေးနေတဲ့ မူကြိုအရွယ်ကလေးငယ်တွေ ပိတ်မိနေကာ စစ်ကောင်စီက သတ်ဖြတ်မှာ စိုးရိမ်ကြောက်လန့်နေရတယ်လို့ ဆိုပါတယ်။

စစ်ကောင်စီက ရုတ်တရက် ထိုးစစ်ဆင်လာတာကြောင့် ရွာသားတွေ ‌ဘာပစ္စည်း မယူလာနိုင်တာကြောင့် အစားအသောက်နဲ့ ဆေးဝါးတွေ အရေးပေါ်လိုအပ်နေတယ်လို့ သိရပါတယ်။

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
Up