အေအေနှင့် စစ်ကောင်စီတိုက်ပွဲကြောင့် မောင်တောဒေသခံများ ဖမ်းဆီးစစ်ဆေးခံနေရ


ရခိုင်ပြည်နယ်၊ မောင်တောမြို့နယ်မြောက်ပိုင်းမှာ ရက္ခိုင့်တပ်တော် (အေအေ) နဲ့ စစ်ကောင်စီတပ်တို့အကြား တိုက်ပွဲတွေကြောင့် ဒေသခံတွေ ဖမ်းဆီးစစ်ဆေးခံရတာတွေ ရှိနေတယ်လို့ သိရပါတယ်။
“တပ်မတော်နဲ့ အေအေတို့ တိုက်ပွဲဖြစ်ပြီးတဲ့နောက် အခု ကျနော်တို့ နွားကျောင်းသွားလို့ မရဘူး။ တောထဲသွားလို့ မရတော့ဘူး။ ဘာအလုပ်မှ လုပ်စားလို့ မရတော့ဘူး။ နွားကျောင်းသွားတဲ့ ကလေးတွေကို တပ်မတော်က တနေကုန် ကြိုးတုပ်ပြီး ဖမ်းဆီးထားတာတွေ ရှိတယ်။ နောက်ပြီး မင်းတို့ တောထဲမဝင်နဲ့၊ ထင်းမခုတ်နဲ့၊ ဝါးမခုတ်နဲ့ဆိုပြီး တားဆီးတာတွေ ရှိနေတယ်” လို့ မောင်တောမြောက်ပိုင်း ကျေးရွာဒေသခံတဦးက ပြောပါတယ်။
မောင်တောမြို့နယ်မြောက်ပိုင်းမှာ ရက္ခိုင့်တပ်တော် (အေအေ) နဲ့ စစ်ကောင်စီတပ်တို့အကြား ဖေဖော်ဝါရီ ၄ ရက်နေ့ နဲ့ ၆ ရက်နေ့တွေက နေရာသုံးခုမှာ တိုက်ပွဲတွေ ဖြစ်ခဲ့ပြီးနောက် ဒေသခံပြည်သူတွေကို စစ်တပ်က အခုလို ဖမ်းဆီးစစ်ဆေးနေတာလို့ ဆိုပါတယ်။
ဘူးသီးတောင်မြို့နယ်ပြည်နယ်လွှတ်တော်အမတ် ဦးထွန်းအောင်သိန်းက “၂၀၁၇/၁၈/၁၉ နှစ်တွေက ဖြစ်ပွားတဲ့ တိုက်ပွဲတွေကြောင့် ကျေးရွာတွေကို စွန့်ခွာပြီး တောထွက်ပြေးခဲ့ကြရတဲ့ စစ်ဘေးရှောင်တွေ အခုထိ နေရပ်မပြန်နိုင်ကြသေးဘူး။ အခု မောင်တောမြောက်ပိုင်းမှာ ဖြစ်တဲ့ တိုက်ပွဲတွေကြောင့် အနီးအနားက ကျေးရွာအချိုက ကျေးရွာသူ/သားတွေ လုံခြုံတဲ့နေရာကို ပြောင်းရွှေ့သွားတယ်လို့ ဒေသခံတွေဆီက သိရတယ်။ အခုလိုဆက်ပြီး တိုင်ပွဲတွေ ဆက်ဖြစ်လာမယ်ဆိုရင် ဒုက္ခသည်တွေနဲ့ ရခိုင်ပြည်သူတွေအတွက်ပါ အခက်တွေ့နိုင်တယ်။ ဘာဖြစ်လို့လဲဆိုတော့ အခုအချိန်မှာ အလုပ်အကိုင်တွေ အဆင်မပြေကြသလို ကုန်စျေးနှုန်းကလည်း မြင့်နေတယ်။ ဒါကြောင့် တိုက်ပွဲတွေဆက်ဖြစ်လာရင် အားလုံး ဒုက္ခရောက်ကြမှာ ဖြစ်တယ်” လို့ ပြောပါတယ်။
လက်ရှိ တိုက်ပွဲတွေကြောင့် ရခိုင်ပြည်နယ်ရဲ့ တည်ငြိမ်မှုအနေအထားဟာ ပိုပြီးပျက်ပြားသွားလာနိုင်ပြီး တိုက်ပွဲတွေ ဆက်လက်ဖြစ်ပွားလာနိုင်တဲ့ အခြေအနေ ရှိတာကြောင့် ဒေသခံတွေ စိုးရိမ်နေကြပါတယ်။