close

ကြို့ပင်ကောက်မြို့နယ်တွင် စစ်တပ်က လူငယ် ၁ ဦးကိုပစ်သတ်၊ ၁ ဦးကိုဖမ်းဆီး

ပဲခူးတိုင်း၊ ကြို့ပင်ကောက်မြို့နယ်မှာ စစ်ကောင်စီတပ်က  လူငယ် ၂ ယောက်ရဲ့ လက်ကိုင်ဖုန်းကို ယူစစ်ဆေးပြီးနောက် ဖေ့စ်ဘွတ်ခ်မှာ  NUG ပရိုဖိုင်ပုံတင်ထားတဲ့ လူငယ်တယောက်ကို ပစ်သတ်လိုက်ကာ နောက်တယောက်ကိုတော့ ဖမ်းဆီးလိုက်တယ်လို့ မိသားစုဝင်တွေနဲ့ ဒေသခံတွေထံက သိရပါတယ်။

ပစ်သတ်ခံရတဲ့လူငယ်က အသက် ၂၁ နှစ်အရွယ် ကိုဖြိုးကျော်ဟန် ဖြစ်ကာ ရင်ဘတ်ပွင့်ထွက်၊ ခြေထောက်တချောင်းကျိုးပြီး မျက်နှာမှာလည်း  ဒဏ်ရာတွေနဲ့ သေဆုံးခဲ့တယ်လို့ မိသားစုဝင်တွေထံက သိရပါတယ်။

ပြီးခဲ့တဲ့ ဖေဖေါ်ဝါရီ  ၅ ရက်က  စစ်ကောင်စီလက်အောက်ခံ  ပြည်၊ အင်းမ ၆၆ တပ်က  ဗိုလ်ကြီးစိုးသူနဲ့ သူ့တပ်ဖွဲ့ဝင်တွေဟာ  ကြို့ပင်ကောက်မြို့နယ် စိုင်ဂေါင်းကျေးရွာက လူငယ်နှစ်ယောက်ဖြစ်တဲ့ ကိုဖြိုးကျော်ဟန်နဲ့ ကိုရှိုင်းဝဏ္ဏထက်တို့ဆီကနေ  ဖုန်းကို ယူစစ်ဆေးရာကနေ ပစ်ခတ်မှုဖြစ်ပွားခဲ့တာလို့    ဒေသခံတယောက်က ပြောပါတယ်။

“သူတို့ သူငယ်ချင်းတယောက်ရဲ့ မင်္ဂလာဆောင်ဖိတ်စာ‌ဝေဖို့ ညောင်ပင်အိုင်ရွာကို အသွားမှာ စစ်တပ်က လာသမျှသူတွေကို စစ်ဆေးနေတာနဲ့ သွားတိုးတာ။ အဲဒီမှာ မင်းတို့ဖုန်း ပေးစမ်းဆိုတော့ မောင်ဖြိုးကျော်ဟန်က ဖုန်းထုတ်ပေးစဉ်မှာ မောင်ရှိုင်းဝဏ္ဏထက်က ဖုန်းအစစ်မခံဘဲ ညောင်ပင်အိုင်ရွာကို ထွက်ပြေးတာ၊ အဲဒီမှာ မောင်ဖြိုးကျော်ဟန်ရဲ့ဖုန်းထဲမှာ သူ့ပရိုဖိုင်က NUG ပရိုဖိုင်းနဲ့ဆိုတော့ ဖုန်းကိုယူကြည့်ပြီး မင်းသွားလို့ရတယ်ဆိုပြီး ပြန်ခိုင်းတော့ သူလှည့်အပြန်မှာ သေနတ်နဲ့ပစ်ချလိုက်တာ”လို့ ဒေသခံ တယောက်က ပြောပါတယ်။

ဖုန်းအစစ်ဆေးမခံဘဲ ညောင်ပင်အိုင်ရွာကို ထွက်ပြေးတဲ့ ကိုရှိုင်းဝဏ္ဏထက်ကိုလည်း  ညောင်ပင်အိုင်ရွာအုပ်ချုပ်ရေးမှူးက ဖမ်းဆီးပြီး စစ်တပ်လက်ထဲ ထည့်လိုက်လို့ ရိုက်နှက်ဖမ်းဆီးခံခဲ့ရပါတယ်။

သေနတ်ဒဏ်ရာနဲ့ သေဆုံးသွားတဲ့ ကိုဖြိုးကျော်ဟန်ရဲ့ အလောင်းကို  ဖေဖေါ်ဝါရီ  ၇ ရက်နေ့မှာ ရွာသုသာန်ကို ပို့ပေးမယ်လို့ စစ်တပ်က မိသားစုထံ အကြောင်းကြားထားပါတယ်။

ဖမ်းဆီးခံရတဲ့  မောင်ရှိုင်းဝဏ္ဏထက်ဟာလည်း  ဘယ်စစ်ကြောရေးစခန်းမှာ ဖမ်းဆီးခံနေရတယ်ဆိုတာ မသိရသလို အိမ်နဲ့လည်း အဆက်အသွယ်မရတဲ့အတွက် မိသားစုတွေက စိတ်ပူပန်နေကြတယ်လို့ ပြောပါတယ်။

အဆိုပါ ပစ်ခတ်သတ်ဖြတ် ဖမ်းဆီးမှုဖြစ်စဉ်နဲ့ ပတ်သက်ပြီး စစ်ကောင်စီဘက်ကတော့ သတင်းထုတ်တာ မရှိသေးပါဘူး။

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
Up