ဂျပန်အစိုးရက မြန်မာကို အရေးပေါ် စားနပ်ရိက္ခာအကူအညီ ဒေါ်လာ ၁၈ သန်းကျော်ဖိုး ပေးပို့မည်

မြန်မာပြည်သူတွေအတွက် ဒေါ်လာ ၁၈.၅ သန်း (ယန်း ၂.၁ ဘီလီယံခန့်) တန်ဖိုးရှိ အရေးပေါ် စားနပ်ရိက္ခာ အထောက်အပံ့တွေနဲ့ တခြားလူသားချင်းစာနာမှု အကူအညီတွေပေးပို့ ကူညီသွားမယ်လို့ ဂျပန်နိုင်ငံခြားရေးဝန်ကြီး မစ္စတာယိုရှီမာဆာဟာယာရှီက ဖေဖော်ဝါရီ ၈ ရက် ဒီနေ့မနက် သတင်းစာရှင်းလင်းပွဲမှာ ပြောကြားခဲ့ပါတယ်။
၂၀၂၁ ခုနှစ် ဖေဖော်ဝါရီမှာ စစ်တပ် အာဏာသိမ်းပြီးနောက်ပိုင်း မြန်မာ့စီးပွားရေးဟာ ရပ်တန့်ခဲ့ပြီး နိုင်ငံသားတွေရဲ့ စားဝတ်နေရေးနဲ့ လူနေမှုဘဝ မတည်ငြိမ်မှုတွေ ဖြစ်ပွားခဲ့ပြီး လက်ရှိလည်း ဆက်လက်ဖြစ်ပွားနေရာဒေသတွေကို အကူအညီတွေ ပို့ဆောင်ပေးမယ်လို့ မစ္စတာဟာယာရှီ က ပြောပါတယ်။
အရေးပေါ် အကူအညီတွေကို ရခိုင်၊ ကချင်၊ ချင်း၊ ရှမ်းပြည်နယ်တို့နဲ့ ရန်ကုန်တိုင်းအတွင်းကို နိုင်ငံတကာအဖွဲ့အစည်းတွေကတဆင့် ပေးပို့မှာဖြစ်ပြီး ကလေးသူငယ်တွေနဲ့ အမျိုးသမီးတွေရဲ့ အသက်ကယ်တင်ရေး ပံ့ပိုးကူညီမှု၊ ရွှေ့ပြောင်းနေထိုင်သူတွေအတွက်နဲ့ ကိုရိုနာဗိုင်းရပ် ကာကွယ်မှုတွေမှာ အသုံးပြုဖို့အတွက်လို့ ဆိုပါတယ်။
ဂျပန်နိုင်ငံအနေနဲ့ မြန်မာနိုင်ငံရှိ ပြည်သူတွေနဲ့အတူ ညီညီညွတ်ညွတ် ရပ်တည်သွားမှာဖြစ်ပြီး မြန်မာနိုင်ငံမှာ လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ အခြေအနေတွေ ပိုမိုဆိုးရွားလာနေကြောင်း၊ သူတို့ရဲ့ စားဝတ်နေရေးအတွက် ပိုလို့တောင် ရုန်းကန်နေရတဲ့အတွက် လူသားချင်း စာနာထောက်ထားမှုဆိုင်ရာ အကူအညီတွေ ဆက်လက် ပေးအပ်သွားမယ်လို့ ဝန်ကြီးမစ္စတာဟာယာရှီက ဆက်လက်ပြောကြားခဲ့သည်။
စစ်တပ်က အာဏာသိမ်းပြီးနောက် ၂၀၂၁ ခုနှစ်အတွင်းကလည်း ဂျပန်အစိုးရက ဒေါ်လာသန်း ၂၀ ဖိုးလောက် မြန်မာနိုင်ငံကို အကူအညီတွေ ပေးပို့ခဲ့ပါသေးတယ်။