close

သထုံတွင် စစ်ကောင်စီယာဉ်တန်း တိုက်ခိုက်ခံရ

မွန်ပြည်နယ်၊ သထုံမြို့နယ်၊ ကမာစိုင်ကျေးရွာရှိ ရန်ကုန်-မော်လမြိုင်ကားလမ်းပေါ်မှာ ဖေဖော်ဝါရီ ၇ ရက် ည ၁၁ နာရီလောက်က  အင်အား ၆  စီးပါ စစ်ကောင်စီယာဉ်တန်း တိုက်ခိုက်ခံခဲ့ရတယ်လို့ KNU တပ်မဟာ(၁) တာဝန်ရှိသူတွေနဲ့ ဒေသခံတွေက ပြောပါတယ်။

ဘီးလင်းကနေ သထုံမြို့နယ်အတွင်းကို ဝင်ရောက်လာတဲ့ စစ်ကောင်စီယာဉ်တန်းကို ကရင်အမျိုးသား လွတ်မြောက်ရေးတပ်မတော် KNLA တပ်မဟာ(၁) ၊ တပ်ရင်း (၂)နဲ့ PDF ပူးပေါင်းအဖွဲ့က မိုင်းဆွဲတိုက်ခိုက်ပြီးနောက် RPG နဲ့ ထပ်မံ ပစ်ခတ်ခဲ့တာပါ။

အဲဒီတိုက်ခိုက်မှုကြောင့် စစ်ကောင်စီဘက်က အထိအခိုက် အကျအဆုံးများနိုင်ကြောင်းနဲ့ ပစ်ခတ်တိုက်ခိုက်ရပြီးနောက် ပျက်စီးသွားတဲ့ ကား ၄ စီးကိုလည်း လက်ရှိအချိန်ထိ စစ်ကောင်စီဘက် လာရောက် သယ်ဆောင်တာ မရှိသေးဘူးလို့ KUN တပ်မဟာ(၁) သထုံခရိုင် တာဝန်ရှိသူက ပြောပါတယ်။

ဒါ့အပြင် ပစ်ခတ်တိုက်ခိုက်ခံရပြီးနောက် ညတွင်းမှာပဲ စစ်ကောင်စီက ထိခိုက်ဒဏ်ရာရတဲ့ တပ်သားတွေကို လူမှုကယ်ဆယ်ရေးကား ၂ စီးနဲ့ လာရောက် တင်ဆောင်သွားပြီး ထိခိုက်ကျဆုံးအခြေအနေ အသေးစိတ်ကို မသိရသေးဘူးလို့ ဆိုပါတယ်။

ဒေသခံတွေအဆိုအရ အဲဒီတိုက်ခိုက်မှုကြောင့် စစ်ကောင်စီဘက်က အယောက် ၃၀ နီးပါး ထိခိုက်ဒဏ်ရာရနိုင်ပြီး သေဆုံးသူ များနိုင်တယ်လို့ခန့်မှန်းပြောပေမဲ့ သီးခြားအတည်ပြုနိုင်ခြင်းတော့ မရှိသေးပါဘူး။

စစ်ကောင်စီယာဉ်တန်း မိုင်းဆွဲတိုက်ခိုက်ခံရပြီးနောက် စစ်ကောင်စီဘက်က ပစ်ခတ်ခဲ့တာကြောင့် ကမာစိုင်ကျေးရွာက နေအိမ် ၃ လုံးထက်မနည်း ကျဉ်ထိမှန်ခဲ့ပါတယ်။

ကရင်အမျိုးသားအစည်းအရုံး KNU တပ်မဟာ(၁) ထိန်းချုပ်နယ်မြေ သထုံခရိုင်မှာတော့ KNLA နဲ့ စစ်ကောင်စီတပ်တို့ မကြာခဏဆိုသလို တိုက်ပွဲဖြစ်ပွားနေပြီး၊ အခုအခါမှာလည်း နှစ်ဖက် စစ်ရေးတင်းမာနေတာပါ။

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
Up