ဖားကန့်မြို့တွင် စစ်ကောင်စီတပ်များ ဝင်ရောက်တပ်စွဲသည့် နေအိမ်အဆောင်တခု မီးရှို့ခံရ

ကချင်ပြည်နယ် ဖားကန့်မြို့နယ် မနကျေးရွာမှာ ဖေဖော်ဝါရီ ၇ ရက် ညနေပိုင်းက စစ်ကောင်စီတပ်တွေ ဝင်ရောက်တပ်စွဲတဲ့ နေအိမ်အဆောင်တစ်ခု မီးရှို့ခံရတယ်လို့ သိရပါတယ်။
မနကျေးရွာ ကုမ္ပဏီတစ်ခုအတွင်းက နေအိမ်အဆောင်တစ်ခုမှာ ဝင်ရောက်တပ်စွဲတဲ့ စစ်ကောင်စီတပ်ဖွဲ့ နေအိမ်ပြင်ပထွက်စဉ် မီးရှို့ခံရတာကြောင့် နေအိမ်ပျက်စီးသွားတယ်လို့ ဒေသခံတွေဆီက သိရပါတယ်။
“မီးရှို့ခံရတဲ့ အိမ်က ကုမ္ပဏီဝင်းထဲက နေအိမ်အဆောင်။ အဲ့အိမ်မှာ စစ်တပ်က တပ်စွဲထားတာ။ သူတို့တွေ အပြင်ကို ကားတွေနဲ့ထွက်သွားတုန်း မီးရှို့သွားတာ။ ဘယ်သူရှို့လဲဆိုတာတော့ မသိရဘူး” လို့ ဒေသခံတစ်ဦးက ပြောပါတယ်။
ဖားကန့်မြို့နယ်မှာ စစ်ကောင်စီတပ်စွဲတဲ့ ကုမ္ပဏီပိုင်နေအိမ်အဆောင် မီးရှို့ခံရတာ ပထမဆုံးအကြိမ်ဖြစ်ပြီး မီးလောင်ကျွမ်းခဲ့တဲ့ နေအိမ်ကို ကုမ္ပဏီ ရေသယ်ကားတွေနဲ့ ငြှိမ်းသတ်ခဲ့ရပါတယ်။
ဖားကန့်မြို့နယ်မှာ စစ်အာဏာရှင်ဆန့်ကျင်ရေး တစ်နှစ်ပြည့်အထိမ်းအမှတ် သံပုံးတီးသပိတ်ကို ပြုလုပ်ခဲ့သလို ဒေသခံပြည်သူတွေဟာ နေ့စဉ်နီးပါး စစ်အာဏာရှင် ဆန့်ကျင်ရေး ချီတက်ဆန္ဒပြနေကြတာပါ။