စစ်ကောင်စီလက်အောက်ခံ သိပ္ပံနှင့် နည်းပညာတက္ကသိုလ်များအတွက် နည်းပြ/သရုပ်ပြများခေါ်ယူ

အာဏာသိမ်းစစ်ကောင်စီလက်အောက်ခံ သိပ္ပံနဲ့ နည်းပညာဝန်ကြီးဌာန၊ တက္ကသိုလ်ပေါင်း ၅၉ ခုမှာ ခန့်အပ်ဖို့အတွက် နည်းပြ/သရုပ်ပြ ဆရာ၊ ဆရာမတွေ ခေါ်ယူနေပါတယ်။
အဆိုပါ တက္ကသိုလ်တွေထဲမှာတော့ ရန်ကုန်နဲ့ မန္တလေးနည်းပညာတက္ကသိုလ်တွေ၊ မြန်မာ နိုင်ငံလေကြောင်းနဲ့ အာကာသပညာတက္ကသိုလ်၊ သတင်းအချက်အလက်နည်းပညာတက္ကသိုလ်၊ ရန်ကုန်နဲ့ မန္တလေးကွန်ပျူတာတက္ကသိုလ်တွေအပါအဝင် ဒေသအသီးသီးက တက္ကသိုလ်တွေအတွက် ခေါ်ယူထားပြီး အနည်းဆုံး ၃ နှစ်တာဝန်ထမ်းဆောင်ရမယ်လို့ ဆိုပါတယ်။
လျှောက်လွှာတွေကိုတော့ သက်ဆိုင်ရာ တာဝန်ထမ်းဆောင်လိုတဲ့ တက္ကသိုလ်တွေမှာ အခမဲ့ရယူလျှောက်ထားနိုင်တယ်လို့ ဆိုပါတယ်။
မြန်မာနိုင်ငံမှာ စစ်အုပ်စုက မတရားအာဏာသိမ်းယူထားခဲ့ ကာလဟာ တနှစ်ကျော်လာခဲ့ပြီဖြစ်ကာ ဒီကာလတွေအတွင်း နိုင်ငံရေးမတည်ငြိမ်မှုတွေနဲ့အတူ ကျန်းမာရေး၊ ပညာရေး၊ စီးပွားရေး အဘက်ဘက်က ကျဆင်းနေခဲ့တာ ဖြစ်ပါတယ်။
ပညာရေးကဏ္ဍမှာတော့ အာဏာရှင်စနစ်အောက်မှာ ပညာဆက်လက်မသင်ယူလိုကြသူတွေ၊ အာဏာရှင်ပညာရေးစနစ်ကို လက်ဆင့်ကမ်းသယ်ဆောင် တာဝန်မထမ်းဆောင်လိုကြတဲ့ ပညာရေးဝန်ထမ်းတွေက အကြမ်းမဖက်အာဏာဖီဆန်ရေးလှုပ်ရှားမှု(CDM) ပြုလုပ်ပြီး သပိတ်မှောက်ထားခဲ့ကြတာ ဖြစ်ပါတယ်။
အကြမ်းဖက်စစ်ကောင်စီကတော့ နွေဦးတော်လှန်ရေးမှာ ပါဝင်နေတဲ့ CDM ပြုလုပ်ထားတဲ့ ဆရာဆရာမတွေ၊ ဆေးဘက်ဆိုင်ရာဝန်ထမ်းတွေ၊ ကျောင်းသားကျောင်းသူတွေအပါအဝင် အပြစ်မဲ့ ပြည်သူတွေကိုပါ ပစ်မှတ်ထား ဖမ်းဆီးသတ်ဖြတ်နေတာ ဖြစ်ပါတယ်။
နိုင်ငံရေးအကျဉ်းသားများကူညီစောင့်ရှောက်ရေးအသင်း (အေအေပီပီ) ရဲ့ ထုတ်ပြန်ချက်အရ မြန်မာနိုင်ငံမှာ မတရားအာဏာသိမ်းကာလ တနှစ်ကျော်အကြာ အကြမ်းဖက်စစ်တပ် ပစ်ခတ်သတ်ဖြတ်မှုကြောင့် အပြစ်မဲ့ကျဆုံးပြည်သူ ၁၅၃၀ နီးပါးနဲ့ ဖမ်းဆီးထိန်းသိမ်းခံရ သူပေါင်း ၁၂၀၀၀ ကျော်လာခဲ့ပြီလို့ သိရပါတယ်။