ခင်ဦးမြို့နယ်တွင် အပြစ်မဲ့ သားအဖ ၂ ဦးကို စစ်ကောင်စီတပ်က ပစ်သတ်

စစ်ကိုင်းတိုင်း ခင်ဦးမြိုနယ်၊ မဒေါင်းကြီးကျေးရွာက အပြစ်မဲ့ သာမန်အရပ်သား သားအဖနှစ်ယောက် ကို စစ်ကောင်စီတပ်က ဖေဖော်ဝါရီ ၈ ရက်နေ့ နေ့လယ်ပိုင်းမှာ သေနတ်နဲ့ ပစ်သတ်သွားတယ်လို့ ဒေသခံတွေက ပြောပါတယ်။
“သူတို့က စိတ်မထင်ရင် မထင်သလို သတ်နေတာ။ ဘယ်သူဘယ်ဝါဆိုတာကို မခွဲခြားဘဲ အခုလို သတ်တာကတော့ အတော်ယုတ်မာ စိတ်ဓာတ်အောက်တန်းကျတယ်ဗျာ။ သူတို့လိုချင်တဲ့သူကို တွေ့အောင်ရှာ၊ တွေ့အောင်ဖမ်းပေါ့။ အခုဟာက တွေ့တာအကုန်သတ်နေတာ အတော်လေးကို ဆိုးဝါးပါတယ်ဗျာ။ အခုအသတ်ခံလိုက်ရတာဆိုရင် သားဖနှစ်ယောက်ဗျာ။ အသတ်ခံရသူတွေက အသက် ၁၅ နှစ်ရွယ် မောင်ပိုင်ဇေရဲထွန်းနဲ့ သူ့အဖေ ဦးလှထွန်းဦးတို့ပါဗျ။ ဘယ်လိုမှ သည်းခံလို့မရတဲ့ အကြောင်းရင်းပဲ။ လုံးဝမကျေနပ်နိုင်ဘူးဗျ။ အရင်က သာမန်ကိုယ့်စီးပွားရေး ကိုယ်လုပ်နေတယ်။ အခုမလုပ်တော့ဘူး၊ PDF နဲ့အတူ ဒီကောင်တွေကို တော်လှန်ဖို့ရာ ဆုံးဖြတ်လိုက်ပြီ” လို့ သေဆုံးသွားသူရဲ့ မိသားစုဝင်တစ်ဦးက DVB ကို ပြောပါတယ်။
သားဖနှစ်ယောက်ကို သတ်သွားတဲ့ စစ်ကောင်စီတပ်ဟာ မဒေါင်းကြီးကျေးရွာနဲ့ အနီးဆုံးရွာမှာရှိတဲ့ မဒေါင်းလှကျေးရွာမှာ တပ်စွဲထားတယ်လို့ ဆိုပါတယ်။
အခုလို ကျေးရွာသားနှစ်ယောက် အသတ်ခံရတာကြောင့် ဒေသခံပြည်သူ့ကာကွယ်ရေးတပ်က စစ်ကောင်စီတပ်ကို လာရောက်တိုက်ခိုက်ခဲ့ပြီး စစ်ကောင်စီတပ်က ၆ ယောက်သေဆုံးကာ မဒေါင်းလှကို ပြန်လည်ဆုတ်ခွာသွားတယ်လို့ ဒေသခံရွာသားတွေက ပြောပါတယ်။
အဲလိုစစ်ကောင်စီတပ်ကို ပစ်ခတ်ခဲ့တဲ့ ဒေသခံပြည်သူကာကွယ်ရေးအဖွဲ့တွေကတော့ L.W.G.R.F Local Guerrilla Revolution Force၊ F.F.F Fight For Freedom၊ မဟာမိတ်ညီနောင်တပ်ပေါင်းစု ဖြစ်တယ်လို့ ကာကွယ်ရေးအဖွဲ့တွေက ပြောပါတယ်။