ရုရှားက ယူကရိန်းကို ကျူးကျော်လျှင် ဓာတ်ငွေ့ပိုက်လိုင်းပိတ်မည်ဟု အမေရိကန်သမ္မတပြော

ရုရှားက ယူကရိန်းကို ကျူးကျော်ခဲ့ပါက ရုရှားနဲ့ ဥရောပကို သွယ်တန်းထားတဲ့ Nord Stream 2 ဓာတ်ငွေ့ပိုက်လိုင်းကို ပိတ်ပစ်မယ်လို့ အမေရိကန်သမ္မတဂျိုးဘိုင်ဒင်က ဂျာမနီဝန်ကြီးချုပ် အိုလက်ဖ်ရှောဇ်နဲ့ ဖေဖော်ဝါရီ ၇ ရက်နေ့ အီမ်ဖြူတော်မှာ တွေ့ဆုံစဉ် ပြောပါတယ်။
ရုရှားကနေ ဂျာမနီကို သွယ်တန်းထားတဲ့ ဆယ်စုနှစ်တခုကြာပြီဖြစ်တဲ့ ဓာတ်ငွေ့ပိုက်လိုင်းစီမံကိန်းကို ဂျိုးဘိုင်ဒင်က အစကတည်းက ကန့်ကွက်ခဲ့သူပါ။
အခု ရုရှားတပ်တွေ ယူကရိန်းကို ကျူးကျော်လာပါက ပိုက်လိုင်းကို ပိတ်ပစ်မယ်လို့ ပြတ်ပြတ်သားသား ပြောလိုက်တာပါ။
ဂျာမနီဝန်ကြီးချုပ် အိုလက်ဖ်ရှောဇ်က ယူကရိန်းအပေါ် ရပ်တည်ချက်နဲ့ ရုရှားအပေါ် စီးပွားရေး ဒဏ်ခတ် အရေးယူမှုတို့မှာ အမေရိကန်နဲ့ တသဘောတည်းရှိကြောင်း ပြောဆိုခဲ့ပေမဲ့၊ Nord Stream 2 ပိုက်လိုင်း ရပ်ပစ်ဖို့ကိုတော့ တိုက်ရိုက် ပြောဆိုမှု မရှိပါဘူး။
ဒေါ်လာ ၁၁ ဘီလီယံ တန်ကြေးရှိ ပိုက်လိုင်းစီမံကိန်းကို ရပ်ပစ်ဖို့ အမေရိကန်နဲ့ ဂျာမန်ကြား သဘောထားတူညီမှု ရှိ၊ မရှိက မေးခွန်းထုတ်စရာ ဖြစ်နေတာပါ။
ဂျိုးဘိုင်ဒင်က Nord Stream 2 ပိုက်လိုင်းရပ်ပစ်မယ်လို့ ပြောပေမဲ့ လက်ရှိ ဂျာမနီဟာ ရုရှားရဲ့ သဘာဝဓာတ်ငွေ့အပေါ် အများကြီး မှီခိုအားထားနေရတာပါ။