မင်းကင်းမြို့နယ် မောက်တက်ရွာနှင့်မုတ်သာရွာကို စစ်ကောင်စီက မီးရှို့

စစ်ကိုင်းတိုင်း၊ ကလေးလရိုင်၊ မင်းကင်းမြို့နယ်အတွင်းက မုတ်သာကျေးရွာနဲ့ မောက်တက်ကျေးရွာကို စစ်ကောင်စီတပ်က ဒီနေ့မနက်အစောပိုင်း ၆ နာရီလောက် ဝင်ရောက်မီးရှို့နေတယ်လို့ ဒေသခံတွေဆီကနေ သိရပါတယ်။
အဲကျေးရွာနှစ်ရွာဟာ အိမ်ခြေ ၄၀၀ လောက်ရှိပြီး အခုလိုစစ်ကောင်စီက ရွာကို မီးရှို့တာကြောင့် ဒေသခံထောင်နဲ့ချီ ဘေးလွတ်ရာကို ထွက်ပြေးနေကြရပါတယ်။
“သူတို့က မနေ့ညက ၁၂ နာရီလောက်က လက်နက်ကြီးတွေနဲ့ ပစ်ပြီးဝင်ခဲ့တာဗျ။ လူတွေကတော့ ညကြီးသူတို့ဝင်လာတာဆိုတော့ အဝတ်တစ်ထည်၊ ကိုယ်တစ်ခုနဲ့ ထွက်ပြေးခဲ့ရတယ်ဗျ။ ဘာလို့အခုလို လုပ်တာလဲဆိုတော့ မနေ့ကညပိုင်းမှာ ကျနော်တို့ရွာအနီး စနဗျင်းရွာမှာ တပ်စွဲထားတဲ့ စစ်ကောင်စီတပ်တွေ မင်းကင်း PDF ဝင်ရောက်တိုက်ခိုက်လို့ သူတိုလူတွေထိလို့ အခုလို မီးရှို့တာဖြစ်နိုင်တယ်ဗျ။ သူတို့က အကြောက်တရားသွင်းတာ။ သူတို့သွင်းတဲ့ အကြောက်တရားက ကျနော်တို့အတွက် ခွန်အားနဲ့မခံချင်စိတ်ပဲ ဖြစ်လာတယ်” လို့ ဒေသခံရွာသား တစ်ဦးက ပြောပါတယ်။
အခုလို ကျေးရွာကို မီးရှို့တဲ့စစ်တပ်ဟာ တောင်ဖြူရွာနဲ့ ပန်းဆက်ရွာမှာ တပ်ဆွဲထားတဲ့ စစ်ကောင်စီတပ်တွေဖြစ်ပြီး အင်အား ၅၀ လောက်နဲ့ ဝင်ရောက်မီးရှို့တာလို့ ဒေသခံတွေက ပြောပါတယ်။