close

မော်လမြိုင် ပရဟိတဆရာဝန် ထောင်ဒဏ်တစ်နှစ် အမိန့်ချမှတ်ခံရ

မွန်ပြည်နယ်၊ မော်လမြိုင်မြို့က ပရဟိတဆရာဝန် ဒေါက်တာ ချမ်းမြေ့အောင်ကို အာဏာသိမ်း စစ်ကောင်စီက ဖေဖော်ဝါရီ ၉ ရက်နေ့မှာ ၅၀၅(က) နဲ့ ထောင်ဒဏ် တစ်နှစ် အမိန့်ချမှတ်လိုက်တယ်လို့ မိသားစုနဲ့ နီးစပ်သူတွေက ဒီဗွီဘီကို ပြောပါတယ်။

ဒေါက်တာချမ်းမြေ့အောင်ကိုတော့ ဖမ်းဆီးထိန်းသိမ်းထားတဲ့ ကျိုက်မရောဗဟိုအကျဉ်းထောင်ရှိ အထူးတရားရုံးမှာ ရာဇသတ်ကြီး ဥပဒေ ပုဒ်မ ၅၀၅(က) နဲ့ ထောင်ဒဏ် တစ်နှစ် အမိန့်ချခဲ့တာပါ။

စစ်ကောင်စီကတော့ ဒေါက်တာချမ်းမြေ့အောင်ဟာ အမျိုးသားညီညွတ်ရေးအစိုးရ NUG က ငွေတိုက်စာချုပ် ဝယ်ယူခဲ့တယ်လို့ဆိုတဲ့ စွပ်စွဲချက်နဲ့ ပြီးခဲ့တဲ့ ဒီဇင်ဘာ ၅ ရက်နေ့တုန်းက မော်လမြိုင်ငွေမိုးဆေးရုံမှာ လာရောက်ဖမ်းဆီးခဲ့တာပါ။

အဲဒီနောက်မှာတော့ အထောက်အထား တစ်စုံတစ်ရာ မတွေ့လို့ လူမှုကွန်ရက်ဖေ့စ်ဘွတ်ခ် စာမျက်နှာမှာ စစ်ကောင်စီနဲ့ ပတ်သက်တဲ့ ဝေဖန်ချက်တွေကို ပြန်လည်မျှဝေတယ်ဆိုတဲ့ စွပ်စွဲချက် ၅၀၅ (က) နဲ့ အမှုဖွင့်ပြီး ထောင်ဒဏ်တစ်နှစ် အမိန့်ချမှတ်လိုက်တာပါ။

ဒေါက်တာချမ်းမြေ့အောင်ဟာ ကိုဗစ်ကပ်ရောဂါကာလတွေတုန်းက နယ်လှည့်ပြီး အခမဲ့ဆေးကုသပေးခဲ့သလို မော်လမြိုင်က သာသနာနွယ်ဖောင်ဒေးရှင်း ဇီဝိတဒါနဆေးခန်းမှာ အခမဲ့ဆေး ကုသပေးနေတာပါ။

စစ်ဆရာဝန်တစ်ဦးဖြစ်တဲ့ ဒေါက်တာချမ်းမြေ့အောင်ဟာ  စစ်တပ်ကနေ နုတ်ထွက်ပြီးနောက် ပရဟိတဆရာဝန် တစ်ဦးအဖြစ် ရပ်တည်နေတာပါ။

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
Up