မကွေး-ကံပြားလမ်းက စက်သုံးဆီဆိုင်တန်း မီးလောင်၊ အမျိုးသား ၂ ဦးဒဏ်ရာရ



မကွေးတိုင်း မကွေးမြို့မှာ ဖေဖော်ဝါရီ ၉ ရက်နေ့ ညက မကွေး-ကံပြား ကားလမ်းပေါ်မှာရှိတဲ့ စက်သုံးဆီဆိုင်တန်း မီးလောင်ကျွမ်းပြီး အမျိုးသား ၂ ယောက်ဒဏ်ရာရရှိခဲ့တယ်လို့ ဒေသခံတွေဆီကနေ သိရပါတယ်။
မကွေး-ကံပြားလမ်းပေါ်မှာရှိတဲ့ စက်သုံးဆီဆိုင်တန်း မနေ့ည ၆ နာရီကျော်က မီးလောင်မှုဖြစ်ပွားပြီး ဆိုင်ခန်း ၂ ခန်းနဲ့ အမျိုးသား ၂ ယောက်ဒဏ်ရာရရှိခဲ့တယ်လို့ ရောင်စုံမေတ္တာလူမှုကူညီရေးအသင်းရဲ့ ဦးဆောင်သူ ကိုအောင်မျိုးနိုင်က ဒီဗွီဘီကိုပြောပါတယ်။
မီးစလောင်လောင်ချင်း မီးသတ်ဆေးဘူးနဲ့ ငြှိမ်းသတ်ခဲ့တဲ့ အမျိုးသားတစ်ယောက် ဘယ်ဘက်လက် မီးလောင်ကျွမ်းကာ နောက်ထပ်လက်နဲ့ ခြေထောက် နှစ်ဖက်လုံး ပေါင်ရင်းအထိ မီးလောင်ကျွမ်း ဒဏ်ရာရခဲ့တဲ့ အမျိုးသား ၁ ယောက်ကို တိုင်းဒေသကြီး ပြည်သူ့ဆေးရုံကို ပို့ဆောင်ပေးခဲ့တယ်လို့ ဆိုပါတယ်။
“ဆီဆိုင်တန်း မီးလောင်တာ ၂ နာရီလောက်ကြာတယ်ဗျ။ စက်သုံး ဆီအရောင်းဆိုင်က ပန့်ဆိုင်မဟုတ်ဘူး။ နဂိုက မြို့ထဲတွေမှာ စက်သုံးဆီရောင်းချခွင့် မပြုတာကြောင့် မြို့ပြင်တွေမှာ ဆိုင်ခန်းတွေနဲ့ လက်လီလက်ကား ရောင်းချတဲ့ ကံပြားရွာနားက ဆိုင်ဆိုင်တန်းမှာ မီးလောင်ခဲ့တာ” လို့ ကံပြားရွာ ဒေသခံတစ်ယောက်က ပြောပါတယ်။
အဲဒီဆီဆိုင်တန်းမှာ ဆီပေပါချရင်း မီးပွင့်သွားကာ မီးစတင်လောင်ကျွမ်းတယ်လို့ သိရပြီး မကွေးမြို့နဲ့အနီးနားက မီးသတ်ယာဥ်၊ ရေသယ်ယာဥ် ၁၅ စီနဲ့ ဝိုင်းဝန်းငြိမ်းသတ်ခဲ့လို့ ည ၈ နာရီကျော်လောက်မှာ မီးငြိမ်းသတ်နိုင်ခဲ့တယ်လို့ မကွေးတိုင်း မီးသတ်တပ်ဖွဲ့ကနေ သိရပါတယ်။