မန်ယူအသင်း ကျိန်စာတိုက်ခံရသလိုဖြစ်နေကြောင်း ဂိုးသမား ဒီဂီယာဖွင့်ဟ

မန်ယူနိုက်တက်အသင်းကို တစ်စုံတစ်ယောက်က ကျိန်စာတိုက်ထားသလို ဖြစ်နေကြောင်း ဂိုးသမား ဒီဂီယာကပြောပါတယ်။
မန်ယူအသင်းဟာ နည်းပြဆာအဲလက်စ်ဖာဂူဆန် ထွက်ခွာသွားတဲ့ ၂၀၁၃ ခုနှစ်နောက်ပိုင်းမှာ အောင်မြင်မှုတွေနဲ့ ဝေးကွာနေပါတယ်။
၅ နှစ်ဆက်တိုက် ဖလားလက်မဲ့ဖြစ်မယ့် အခြေအနေနဲ့ ရင်ဆိုင်နေရပြီး ခြေစွမ်းအရလည်း အကောင်းဆုံးပုံစံ မရှိတဲ့အပေါ်မှာ ကျိန်စာတိုက်ခံရသလို ဖြစ်နေကြောင်း ဒီဂီယာက မှတ်ချက်ပေးသွားတာပါ။
“တစ်စုံတစ်ယောက်က ကျနော်တို့ကို ကျိန်စာတစ်ခု တိုက်ထားသလိုမျိုး၊ တစ်ခုခုကြောင့်လို့ ထင်တယ်။ အမှန်တရားက ဘာဖြစ်နေသလဲဆိုတာ ကျနော်လည်း မသိပါဘူး။ လူတွေက မေးခွန်းထုတ်နေကြပြီး ကျနော့်အသင်းသားတွေကိုယ်တိုင်ကလည်း ဘာတွေဖြစ်နေလဲဆိုတာ မသိကြပါဘူး။ ကျနော်တို့ဟာ ထိပ်တန်းဆုဖလားတွေကို ရယူနိုင်သင့်ပေမယ့် အသင်းက ဘာကြောင့်မလုပ်ဆောင်နိုင်သလဲဆိုတာလဲ မသိပါဘူး” လို့ စပိန်မီဒီယာ အယ်လ်ပဲရစ်နဲ့ အင်တာဗျူးမှာ ဒီဂီယာက ပြောပါတယ်။
မန်ယူအသင်းဟာ အခုနှစ်ရာသီမှာ အက်ဖ်အေနဲ့ လိဂ်ဖလားတွေကနေ ထွက်ခဲ့ရပြီးနောက် ဆုဖလား မျှော်လင့်ချက်အတွက် ချန်ပီယံလိဂ် ပြိုင်ပွဲတစ်ခုသာ ကျန်ရှိတော့တာဖြစ်ပါတယ်။