close

တရားမဝင် မြန်မာများကို တင်လာသည့်ကားဖြင့်တိုက်မိပြီး ထိုင်းကျောင်းသား ၁ ဦးသေဆုံး

ထိုင်းမြောက်ပိုင်း၊ ချင်းမိုင်ခရိုင်၊ ဟောတ်မြို့နယ်ထဲမှာ ဖေဖော်ဝါရီ ၁၅ ရက် မနေ့ ညနေပိုင်းက တရားမဝင်မြန်မာနိုင်ငံသားတွေ တင်ဆောင်လာတဲ့ကားတစ်စီးက ဆိုင်ကယ်ကို ဝင်တိုက်မိလို့ အသက် ၁၃ နှစ်အရွယ် ထိုင်းကျောင်းသားလေး တယောက် သေဆုံးသွားပါတယ်။

ယာဉ်တိုက်မှုဖြစ်ပြီး ထွက်ပြေးသွားတဲ့ ယာဉ်မောင်းနဲ့ တရား မဝင်မြန်မာအလုပ်သမားတွေကို ထိုင်းတာဝန်ရှိသူတွေက လိုက်လံဖမ်းဆီးရာမှာ ၈ ဦးဖမ်းမိတယ်လို့ ချင်းမိုင်နယူးစ်သတင်းမှာ ဖော်ပြပါတယ်။ 

ဟော့တ်မြို့နယ် ဖဲလုံအုပ်စု ဘန့်ဒုန်းဒမ်ရွာအနီး လမ်းမကြီးပေါ်မှာ မနေ့ ညနေ ၅ နာရီလောက်က ယာဉ်တိုက်မှုဖြစ်ကြောင်း သတင်းရတဲ့အတွက် သွားရောက်စစ်ဆေးရာမှာ ကားနဲ့ ဆိုင်ကယ် တိုက်မိပြီး လမ်းပေါ်မှာလဲကျသေဆုံးနေတဲ့ လူငယ် ၁ ဦးတွေ့ရကြောင်း ၊ တိုက်မိတဲ့ကားမှာ တိုယိုတာဟိုင်းလပ်စ်ကားဖြစ်ပြီး ယာဉ်နံပါတ်ပြားမပါဘဲ ယာဉ်မောင်းသူနဲ့ ကားပေါ်လိုက်ပါလာသူတွေတွေ ထွက်ပြေးသွားတယ်လို့ ဟော့တ်မြို့ နယ်ရဲတပ်ဖွဲ့ တာဝန်ရှိသူက သတင်းထောက်တွေကို ပြောပါတယ်။

သေဆုံးသူမှာ အသက် ၁၃ နှစ်ရွယ်ရှိ အလယ်တန်းကျောင်းသားလေး နောင့်အမ်းဖြစ်ပြီး သူက ဆိုင်ကယ်မောင်းလာစဉ် ဟိုင်းလပ်ကားနဲ့ တိုက်မိကြောင်း ဖြစ်စဉ်အသေးစိတ်ကိုတော့မသိရဘဲ ယာဉ်တိုက်မှုဖြစ်တာနဲ့ ကားမောင်းသမားရော ကားပေါ်ပါလာသူတွေပါ ထွက်ပြေးကြတယ်လို့ မျက်မြင်တွေက ပြောပါတယ်။ 

တာဝန်ရှိသူတွေဟာ  ဖဲလုံကျေးရွာအုပ်ချုပ်ရေးမှူးနဲ့အတူ အဆိုပါနယ်မြေအနီးတဝိုက် လိုက်လံရှာဖွေရာမှာတော့ တောထဲ ပုန်းအောင်းနေတဲ့ အမျိုးသမီး ၇ ယောက်၊ ကလေး ၁ ယောက်၊ စုစုပေါင်း ၈ ယောက်ကို ဖမ်းဆီးရမိခဲ့ပါတယ်။ သူတို့ဟာ ထိုင်းနိုင်ငံထဲကို တရားမဝင် ဝင်ရောက်လာသူတွေဖြစ်ပြီး ကားထဲမှာ လူ ၂၀ ကျော်လိုက်ပါလာကာ မြန်မာနိုင်ငံက ကရင်တိုင်းရင်းသားတွေလို့ ဆိုပါတယ်။

တာဝန်ရှိသူတွေက ယာဉ်မောင်းနဲ့ နောက်ထပ်ကျန်ရှိနေသူတွေကို ဥပဒေအရ အရေးယူဖို့ ဆက်လက်စစ်ဆေးရှာဖွေနေတယ်လို့   ချင်းမိုင်နယူးစ်သတင်းမှာ ဖော်ပြပါတယ်။ 

ကိုးကား-ChiangMaiNews

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
Up