close

မြဝတီမြို့နယ်တွင် စစ်ကောင်စီ လေကြောင်း ပစ်ခတ်မှုကြောင့် ဒေသခံ ၁ ဦးသေဆုံး

ကရင်ပြည်နယ်၊ မြဝတီမြို့နယ်၊ ဖလူးကြီးကျေးရွာအနီးမှာ ဖေဖော်ဝါရီ ၁၆ ရက် မနက် ၈ နာရီလောက်က စတင်ပြီး စစ်ကောင်စီရဲ့ လေ‌ကြောင်းပစ်ခတ်မှုကြောင့် ဒေသခံရွာသား တစ်ဦး သေဆုံးခဲ့သလို ထောင်နဲ့ချီတဲ့ ဒေသခံတွေဟာ နယ်စပ်သောင်းရင်းမြစ်ကမ်းနံဘေးမှာ တိမ်းရှောင်ခိုလှုံနေရပါတယ်။

စစ်ကောင်စီရဲ့တပ်နဲ့ ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် (KNLA) ပူးပေါင်းတပ်တို့ နှစ်ဖက်တိုက်ပွဲပြင်းထန်ခဲ့ရာ စစ်ကောင်စီရဲ့တပ်စခန်း (စွယ်တော်ကုန်း)က မြေပြင်လက်နက်ကြီးတွေနဲ့အတူ လေကြောင်းကပါ ပစ်ခတ်တိုက်ခိုက်ခဲ့တဲ့အတွက်  ကျေးရွာအတွင်း ပိတ်မိနေသူတွေကို သွားရောက်ကယ်ဆယ်ခဲ့တဲ့ အသက် ၄၀ ဝန်းကျင် အမျိုးသားတစ်ဦး ထိမှန်သေဆုံးခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။

ထွက်ပြေးတိမ်းရှောင်လာတဲ့ ဖလူးကြီးကျေးရွာသားတစ်ဦးက “မနေ့က ကျနော်တို့ ရွာသား တစ်ယောက်ဆုံးသွားတယ်။ ကျန်နေတဲ့ အသိကလေးကို သွားကူခေါ်ပေးတာ လေယာဉ်လာပြန်ပစ်တော့ ထိသွားတယ်။ အိမ်တွေလည်း တော်တော်များများ ထိပြီး ပျက်စီးသွားတယ်။ အခု ပြေးလာတဲ့သူတွေက ရွာမှာ လုံးဝနေလို့ မရတော့ဘူး” လို့ ပြောပါတယ်။

နှစ်ဖက်တိုက်ပွဲတွေကြောင့် ဖလူးကြီး၊ ဖလူးလေး၊ မင်းလက်ပံ၊ ထီမယ်ဝါးခီးနဲ့ လေးကေ့ကော်ကျေးရွာအနီးဝန်းကျင်က ထောင်နဲ့ချီ ထွက်ပြေးတိမ်ရှောင်လာခဲ့ရမှာ အမျိုးသမီးတွေ၊ ကိုယ်ဝန်ဆောင်တွေ၊ ကလေးငယ်တွေနဲ့ အသက်ကြီးသူတွေ အများဆုံးဖြစ်ပြီး အချိန်အခါမဟုတ် မိုးရွာသွန်းမှုကို ရင်ဆိုင်နေရတဲ့အတွက် ယာယီနေထိုင်ရေးအတွက် အရေးတကြီး လိုအပ်နေပါတယ်။

ဇန်နဝါရီ ၂၇ ရက်က တာခ်ခရိုင်၊ မဲဆောက်မြို့နယ်၊ မဟာဝမ်းတိုက်နယ်၊ မဲကိုကင်းရွာအနီးက မဲ့ကိုကင်းစစ်ဘေးရှောင်စခန်းကို ထိုင်းအာဏာပိုင်တွေက အပြီးပိတ်သိမ်းလိုက်တဲ့အတွက် ကျေးရွာ ၁၀ ရွာက ထောင်နဲ့ချီတဲ့ ဒေသခံတွေဟာ နယ်စပ်သောင်းရင်းမြစ်အနီးမှာ ခိုလှုံနေရတာပါ။

ထိုင်းနိုင်ငံဘက်က အလှူရှင်တွေအနေနဲ့ စစ်ရှောင်တွေကို သွားရောက်ကူညီလှုဒါန်းရာမှာ နယ်စပ်ဖြတ်ကျော်ခွင့် ကန့်သတ်ထားတဲ့အတွက် အခက်အခဲတွေရှိနေတယ်လို့ စစ်ဘေးရှောင်အရေး ကူညီပေးနေသူတွေက ဆိုပါတယ်။

ဇန်နဝါရီ ၃ ရက် ညနေ ၄ နာရီလောက်က စစ်ဘေးရှောင်စခန်းကနေ နေရပ်ပြန်လာခဲ့တဲ့ အသက် ၄၀ အရွယ် အမျိုးသမီးဟာ နေအိမ်မှာနေထိုင်နေစဉ် စစ်ကောင်စီရဲ့တပ်က ပစ်ခတ်လိုက်တဲ့ လက်နက်ကြီးထိမှန်ပြီး သေဆုံးခဲ့ပါတယ်။

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
Up