ခင်ဦးမြို့နယ်တွင် တိုက်ပွဲပြင်းထန်၊ PDF တပ်ဖွဲ့ဝင် ၅ ဦး ကျဆုံး

စစ်ကိုင်းတိုင်း ခင်ဦးမြိုနယ် သရက်ကန်နဲ့ စည်ပုတ္တရာကျေးရွာကြားမှာ ဖေဖော်ဝါရီ ၂၀ ရက်နေ့ မနက် ၉ နာရီခွဲလောက်က စစ်ကောင်စီတပ်နဲ့ဒေသခံ PDFတို့ တိုက်ပွဲအပြင်းအထန် ဖြစ်ပွားခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။
အဲဒီတိုက်ပွဲမှာ ဒေသခံပြည်သူကာကွယ်ရေးအဖွဲ့ခေါင်းဆောင် ဦးမိုးဝင်း အပါအဝင် ရဲဘော် ၅ ဦး ကျဆုံးခဲ့ရတယ်လို့ ဒေသခံပြည်သူ့ကာကွယ်ရေးအဖွဲ့ဝင်တစ်ဦးက ပြောပါတယ်။
“တိုက်ပွဲကတော့ ပြင်းထန်တယ်ဗျ။ ကျနော်တို့တတွေ မနိုင်ဘူးဆိုတာသိတယ်။ ဒါပေမဲ့ မခံချင်စိတ်နဲ့ တိုက်နေကြရတာ။”
တိုက်ပွဲတွေမှာ လက်နက်အင်အားမမျှတာကြောင့် PDF ရဲဘော်တွေ အသက်ပေးတိုက်ပွဲနေကြရတာဖြစ်ပြီး တာဝန်ရှိသူတွေနဲ့ ပြည်သူတွေ သေနတ်ဝယ်နိုင်ဖို့အတွက် အကူအညီပေးကြဖို့ တောင်းဆိုလိုက်ပါတယ်။
အဲဒီတိုက်ပွဲမှာ စစ်ကောင်စီဘက်ကလည်း အကျအဆုံး ရှိနိုင်တယ်လို့ ဆိုပါတယ်။
အဆိုပါ တိုက်ပွဲမှာ ပြည်သူကာကွယ်ရေးတပ်ဘက်က အမ်-၁၆ ၁ လက် (ကျည်အိမ် ၁ ခု/ကျည် ၈ တောင့်)၊ လက်လုပ်သေနတ် ၅ လက်၊ လက်လုပ်စိန်ပြောင်း ၂ လက်၊ လက်လုပ်စိန်ပြောင်းပြုလုပ်ဆဲ ၇ လက်နဲ့ လက်လုပ် ကျည်ဆန် ၆ လုံး၊ လက်လုပ်စိန်ပြောင်းကျည် ၆၈ လုံး၊ လက်လုပ်မိုင်း ၅ လုံး၊ မိုင်းနဲ့ ဆက်စပ်ပစ္စည်းမျိုးစုံ ၁၉ မျိုးကို စစ်ကောင်စီတပ်ဘက်က သိမ်းဆည်းသွားတယ်လို့ ပြည်သူကာကွယ်ရေးအဖွဲ့ဆီက သိရပါတယ်။
ပြီးခဲ့တဲ့ ဖေဖော်ဝါရီ ၁၇ ရက်ကလည်း ခင်ဦးမြို့နယ် ကံကြီးကုန်းနဲ့ မြို့သစ်ရွာအနီးမှာ စစ်ကောင်စီနဲ့ ဒေသခံပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တွေ တိုက်ပွဲဖြစ်ပွားခဲ့ပြီး လက်နက်အင်အား မညီမျှတာကြောင့် ပြည်သူ့ကာကွယ်ရေးတပ်ဘက်က ရဲဘော် ၁၄ ဦး ကျဆုံးခဲ့ရတယ်လို့ သိရပါတယ်။