close

ဒုံသမိချောင်း သက်သေတည်

၁။

အင်တာနက်လူမှုကွန်ရက်စာမျက်နှာကို ပိတ်ပြီး ပက်လက်ကုလားထိုင်မှာ ကျောမှီ ထိုင်လိုက်ပါတယ်။ လက်ထဲက တယ်လီဖုန်းကို ရင်ဘတ်ပေါ် ခဏတင်ပါတယ်။

ဪ… ကမ္ဘာပေါ်က ဘယ်လူမျိုးစုတွေမဆို သူတို့တတွေ ရှင်သန်ရပ်တည်နိုင်ရေး သူတို့ကိုယ်တိုင်ပဲ ရုန်းကန်ရပ်တည်ခဲ့ကြရတာပါပဲ… ဆိုတဲ့အတွေးကလည်း ကျနော့်ခေါင်းထဲ ရောက်လာပါတယ်။ ချင်းအမျိုးသား အတိုင်ပင်ခံကောင်စီက ဖေဖော်ဝါရီလ ၂၀ ရက် ချင်းအမျိုးသားနေ့မှာ ထုတ်ပြန်တဲ့ ကြေညာချက်ထဲမှာ ညီညွတ်သော ချင်းပြည်ထူထောင်ရေး ကြိုးပမ်းကြဖို့ ချင်းပြည်သူတွေကို တိုက်တွန်းလိုက်တဲ့သတင်းက ကျနော့်ကို အတွေးတချို့ ဆက်တွေးဖို့ တွန်းပို့လိုက်ပါတယ်။ ကျနော့်အတွေးက လွန်ခဲ့တဲ့ ၁၉၉၃ ခု၊ ကရင်ပြည်နယ် ဘားအံမြို့နယ် ဒုံသမိချောင်းဘေး ကျုံစိန်ရွာကလေးဆီ အလျင်အမြန် ပြန်ရောက်သွားပါတယ်။

၂။

တောင်ကုန်းအောက်ခြေ လျှိုကလေးထဲက စမ်းချောင်းရေက အေးစက်လွန်းပါတယ်။ 

ညက ကျုံစိန်ရွာသားတချို့နဲ့ ထိုင်စကားပြောခဲ့ကြတာ ညဥ့်နက်လို့ မနက်ကျတော့ အိပ်ရာထ နောက်ကျကြပါတယ်။ စမ်းချောင်းထဲ မျက်နှာသစ်ဖို့ တောင်ကုန်းအောက်ကို ဆင်းတော့ DKBA တပ်ခွဲမှူးလေး ဗိုလ်သိန်းစိုးလည်း ကျနော့်နောက်က ဆင်းလိုက်လာပါတယ်။ 

ဗိုလ်သိန်းစိုး(ကျဆုံး) ဆိုတာက အသက် ၃၀ ဝန်းကျင် ကရင်စစ်ဗိုလ်လေးပါ။ တပ်မဟာ ၁ တပ်မဟာမှူး ဗိုလ်မှူးချုပ်ကျော်လင်းက နေရာဒေသအနှံ့ ကျေးရွာတွေဆင်းးပြီး သတင်းယူတဲ့အခါ ကျနော့်ကို လုံခြုံရေးနဲ့ လမ်းခရီးအကူအညီပေးဖို့ ထည့်ပေးလိုက်တဲ့ ကရင်တော်လှန်ရေး စစ်ဗိုလ်လေးပါ။ သူနဲ့အတူ ဝှေ့စာ(ကျဆုံး)လို့ ခေါ်တဲ့ ကရင်စစ်သားလေးတစ်ဦးလည်း ပါလာပါသေးတယ်။ ကျနော်က တပ်မဟာ ၁ နယ်မြေလို့ခေါ်တဲ့ ဘားအံ၊ ဘီးလင်း၊ ကျိုက်ထို၊ သထုံနဲ့ ဖာပွန်မြို့နယ်တွေအတွင်း သတင်းတွေယူရတဲ့ ဒီမိုကရက်တစ်မြန်မာ့အသံ(DVB) ကွင်းဆင်း သတင်းထောက်ပါ။

ချောင်းစပ်မှာ မျက်နှာသစ်နေစဥ် ဗိုလ်သိန်းစိုးလည်း ကျနော့်ဘေးမှာ စမ်းချောင်းရေနဲ့ မျက်နှာသစ်ပါတယ်။ အဲဒီအချိန်မှာပဲ ကျယ်လောင်တဲ့ ပေါက်ကွဲသံ နှစ်ချက် ကျုံစိန်ရွာဘက်က ကြားလိုက်ရပါတယ်။

ဗိုလ်သိန်းစိုးက ဝါးရုံပင်ဘေး ထောင်ထားတဲ့ ကာဘိုင်သေနတ်ကို ဆွဲယူပြီး တောင်ကုန်းပေါ် အပြေးအလွှား တက်ပါတယ်။ ကျနော်တို့နှစ်ယောက် တောင်ကုန်းထိပ်ရောက်လို့ ကျုံစိန်ရွာဘက် လှမ်းကြည့်တော့ ရွာထဲက အော်သံဟစ်သံတွေ ခွေးဟောင်သံတွေ ကြားရပါတယ်။ မီးခိုးတွေ အူတက်လာတာလည်း တွေ့ရပါတယ်။

“ဒီကောင်တွေ ရွာထဲ လက်နက်ကြီးနဲ့ ပစ်လိုက်တာပဲ၊ ကျနော်တို့ အောက်ကိုဆင်းမယ် ကိုငြိမ်း”

ကျနော်တို့သုံးယောက် တောင်ကုန်းအောက်ခြေ လူသွားတောလမ်းကလေးပေါ် ရောက်တော့ ကိုက် ၂၀ ခန့်အကွာမှာ ရွာထဲက ထွက်ပြေးလာကြတဲ့ လူအုပ်နဲ့ ရင်ဆိုင်တိုးကြပါတယ်။ လမ်းပေါ် ဘွားခနဲပေါ်လာတဲ့ ကျနော်တို့ကို တွေ့တော့ လူအုပ်က နေရာမှာတင် ရပ်နေပါသေးတယ်။ ဗိုလ်သိန်းစိုးက ကရင်လို လှမ်းအော်ရှင်းပြကာမှ လူတွေလည်း ရှေ့ကို ပြေးလာကြပါတယ်။ တချိန်တည်းမှာပဲ ရွာထဲက သေနတ်သံတွေ ကြားလာရတဲ့အတွက် ရွာသားတွေဟာ ရှေ့ကို ဆက်ပြေးကြပါတယ်။ ကျနော်တို့သုံးယောက်လည်းပဲ ရွာသားတွေနဲ့အတူ လိုက်ပြေးကြရပါတယ်။

ထွက်ပြေးလာကြတဲ့ ရွာသားတွေထဲ အသက် သုံးဆယ်ကျော်အရွယ် ရွာသားတစ်ယောက်ကို ကျနော် သတိပြုမိပါတယ်။ သူက အင်္ကျီမပါ၊ ဗလာကျောဘက်မှာ မယ်ဒလင်အဟောင်းတလက်ကို လျှော်ကြိုးနဲ့ သိုင်းလွယ်ထားပါတယ်။ နောက်ထပ်ပြီး ပုဆိုးအဟောင်းတထည် စလွယ်သိုင်းထားပါသေးတယ်။ အဲဒီပုဆိုးထဲမှာ ခွေးပေါက်စလေးတကောင်ရဲ့ ပြူထွက်နေတဲ့ ခေါင်းကို ကျနော် အသေအချာ မြင်လိုက်ရပါတယ်။

ဒီမြင်ကွင်းကို မြင်လိုက်ရပြီးကတည်းက ထူးခြားနေတဲ့ အဲဒီကျုံစိန်ရွာသားကို စိတ်ဝင်စားနေခဲ့မိတာပါ။ သူက တခြားသူတွေနဲ့မတူ စားစရာနဲ့ အခြားစောင်တွေ အဝတ်အစားတွေကို မယူလာဘဲ မယ်ဒလင်တစ်လက်နဲ့ ခွေးကလေးတစ်ကောင်ကိုပဲ စလွယ်သိုင်းလျက် ပြေးလာနေတဲ့သူ ဖြစ်နေလို့ပါပဲ။

၃။

ထွက်ပြေးလာကြရတဲ့ ကျနော်တို့လူအုပ်ဟာ ကျုံစိန်ကြိုးဝိုင်းကြီးထဲ ရေခန်းခြောက်စပြုတဲ့ ချောင်းကလေးတစ်ခုဘေးမှာ နားလိုက်ကြပါတယ်။ ကျုံစိန်ရွာသားလည်းဖြစ်တဲ့ ဗိုလ်သိန်းစိုးက ရွာသားတွေကို ချောင်းကလေးဘေးမှာ နေရာချထားပေးပါတယ်။ နေမဝင်ခင် ရေရှိမယ့်နေရာ ဝိုင်းရှာပါတယ်။ ညစာကို ရွာသားအချင်းချင်း ဝေမျှစားကြဖို့နဲ့ သည်နေရာမှာပဲ ညအိပ် ပုန်းအောင်းကြဖို့ ရှင်းပြပါတယ်။ ကျနော်နဲ့ ရဲဘော်လေး ဝှေ့စာက လူဦးရေစာရင်း လိုက်ကောက်ပါတယ်။ လူတွေအားလုံး ဝါးရုံပင်စုတွေအောက် ဟိုတစု သည်တစု နေရာယူရင်း အမောဖြေကြရပါတယ်။

ဒီကနေ့မနက် ကျုံစိန်ရွာမှာ အရိုးကောက်ပွဲ(အသုဘ)ရှိတဲ့အကြောင်း ဗိုလ်သိန်းစိုးက ကျနော့်ကို သူ ရလာတဲ့သတင်း ပြောပြပါတယ်။ ရွာနဲ့ကပ်လျက် ဒုံသမိချောင်းတဖက်ကမ်းမှာ စစ်တပ် တပ်ခွဲစခန်း ရှိကြောင်း၊ ဒီကနေ့မနက် ရှစ်နာရီမှာ စစ်တပ်စခန်းကို ဝက်သား သုံးပိဿာပို့ပေးရမယ်လို့ စစ်တပ်က တောင်းထားကြောင်း၊ အသုဘကိစ္စကြောင့် အလုပ်များပြီး ရှစ်နာရီကျော်တဲ့အထိ စစ်တပ်က တောင်းထားတဲ့ ဝက်သားသုံးပိဿာကို မပို့နိုင်ကြောင်း။ စစ်တပ်က ဝက်သား အချိန်မီ မပို့ရကောင်းလားဆိုကာ ရွာထဲကို ၆၀ မမ လက်နက်ကြီးဖြင့် နှစ်ချက် ပစ်ခတ်ကြောင်း ရွာသားတွေ နီးစပ်ရာတောထဲ ထွက်ပြေးကြရကြောင်း ပြောပြလာခဲ့ပါတယ်။

သည်နေရာမှာ ရန်သူအစိုးရစစ်တပ်များ ရုတ်တရက် ရောက်မလာနိုင်သည့်နေရာ ဖြစ်သောကြောင့် လုံခြုံရေးစိတ်ချရကြောင်းလည်း ပြောပါတယ်။ အထိအခိုက် အသေအပျောက် အပျက်အစီး ဘယ်လိုရှိမယ်ဆိုတာ မသိရသေးကြောင်း ဗိုလ်သိန်းစိုးက ကျနော့်ကို ရှင်းပြပါတယ်။

ရန်သူ မရောက်လာနိုင်တဲ့နေရာ ဖြစ်တယ်ဆိုတော့ လူတွေလည်း နေရာထိုင်ခင်း ပြင်ဆင်ကြပါတယ်။ ကျနော်နဲ့ ရဲဘော်ဝှေ့စာက ဝါးရုံပင်တခုအောက်မှာ သစ်ရွက်ခြောက်တွေ ခင်းလိုက်ပါတယ်။ နေရာထိုင်ခင်း ပြင်နေစဥ်မှာပဲ နေရောင်ခြည်တွေ အလျင်အမြန်နောက်ဆုတ်ပြီး လရောင်တွေက တောအုပ်ပေါ် စတင်ခြေချလာပါတယ်။

ကျနော်က ကျောပိုးအိတ်ပေါ် ခေါင်းတင်ရင်း အိပ်ပျော်သွားရာက တစုံတစ်ခုကြောင့် အိပ်ရာက ပြန်နိုးလာခဲ့ပါတယ်။ ခန္ဓာကိုယ်ကို အနည်းငယ်လှုပ်လိုက်တော့ ကျနော့်ခန္ဓာကိုယ်ပေါ် ကွက်ကျားရိုက်ထားတဲ့ လရောင်တွေက ကစဉ့်ကလျား အောက်ကို ခုန်ဆင်းကြရပါတယ်။ လရောင်တွေဟာ တောအုပ်ပေါ် ချောင်းကလေးပေါ် ထုနဲ့ထည်နဲ့ ကျနေပါတယ်။ လူတွေအားလုံး အိပ်မောကျနေချိန် လရောင်တွေ ထိန်ထိန်သာနေတဲ့အချိန် မယ်ဒလင်တီးသံတစ်ခုက ကျနော့်ကို အံ့သြမှင်တက်မိနေစေပါတယ်။ တကယ်တော့ ကျနော်ဟာ အဲဒီ မယ်ဒလင်သံကြောင့်ပဲ အိပ်ရာက လန့်နိုးလာတာပါပဲ။ ဪ… ဒါဟာဟာ မနက်က ကြိုးဝိုင်းကြီးထဲ ပြေးလာစဥ် မက်ဒလင်တလက်နဲ့ ခွေးကလေးတစ်ကောင် စလွယ်သိုင်းလာတဲ့ လူတစ်ယောက်ရဲ့ မယ်ဒလင်သံပဲ ဖြစ်မယ်လို့ တွေးမိလာပါတယ်။

တိတ်ဆိတ်နေတဲ့ တောအုပ်ပေါ် လရောင်တွေ ထင်တိုင်းကြဲကျရောက်နေချိန် မယ်ဒလင်သံက လွမ်းမောဖွယ် ကြားနေရပါတယ်။ ​ဆွတ်ပျံ့လွမ်းမောဖွယ် မယ်ဒလင်သံက ကျနော့်ကို ဘယ်လိုမှ ပြန်အိပ်လို့မရအောင် ဆွဲဆောင်နေပါတယ်။ ကြာတော့ အိပ်ရာက ကျနော် ထလိုက်ရပါတယ်။ မယ်ဒလင်သံ ထွက်ပေါ်လာရာနေရာဆီ မှန်းဆပြီး အသံမပေးဘဲ ခြေဖွပြီး လျှောက်လာခဲ့ပါတယ်။

မယ်ဒလင်သံရှင်ဟာ မီးညွန့်ကျိုးစပြုတဲ့ မီးဖိုဘေး သောင်စပ် လရောင်ထိန်ထိန်အောက်မှာ တစ်ယောက်တည်း ထိုင်ရင်း မယ်ဒလင်တီးနေတာပါ။ မီးဖိုဘေး သူနဲ့ကပ်လျက်နေရာ ပုဆိုးတစ်ထည်ပေါ်မှာတော့ သူကိုယ်တိုင် လွယ်သိုင်းပြီးယူလာတဲ့ ခွေးကလေး၊ သူ့ကိုယ်နဲ့ကပ်ပြီး ကွေးကွေးလေး အိပ်ပျော်နေတာ တွေ့လိုက်ရပါတယ်။

ရှေ့ဆက်လှမ်းမယ့် ကျနော့်ခြေလှမ်း နေရာမှာတင် ရပ်လိုက်ပါတယ်။ လွမ်းမောဖွယ် မယ်ဒလင်တီးပြီး လရောင်အောက် ချောင်းစပ်မှာ ဘဝအလွမ်းအမောဖြေနေတဲ့ သူ့ကို ကျနော် အနှောင့်အယှက် မပေးချင်တော့ပါ။ အဲဒီနေရာမှာပဲ အသံမပြုဘဲ အိပ်ရာဆီ ပြန်လှည့်လာခဲ့ပါတယ်။

၄။

အခုဆိုရင် ကရင်တိုင်းရင်းသားသွေးချင်းတွေဟာ ချင်းတိုင်းရင်းသားတွေနည်းတူ စစ်အာဏာရှင် လူတစုကို အပြင်းအထန် တွန်းလှန်တိုက်ပွဲဝင်နေကြတာ မကြုံဖူးအောင် အရှိန်အဟုန်ကြီးလှတာ တွေ့နေရပါတယ်။ အဲသလိုပဲ တခြားသော တိုင်းရင်းသားတွေဖြစ်တဲ့ ကချင်၊ ရခိုင် အစရှိတဲ့ တိုင်းရင်းသားသွေးချင်းတွေအားလုံး သူတို့ရဲ့ အမျိုးသားရပိုင်ခွင့်နဲ့ တန်းတူအခွင့်အရေးအတွက် တိုက်ပွဲဝင်နေကြတာ ဆူညံနေတာပါပဲ။

ကျနော် စဥ်းစားမိတယ်။ လွတ်လပ်ရေးရပါပြီဆိုကတည်းက တိုင်းရင်းသားလူမျိုးစု သွေးချင်းတွေဟာ သူတို့လူမျိုးရဲ့ တန်းတူရေးနဲ့ ကိုယ်ပိုင်ပြဋ္ဌာန်းခွင့်အတွက် ရုန်းကန်တိုက်ပွဲဝင်နေကြတာ နှစ်တွေ ကြာခဲ့ပါပြီ။ သူတို့နဲ့နှိုင်းယှဥ်ရင် အင်အားချင်းမမျှ သာလွန်တဲ့ အစိုးရအဆက်ဆက် စစ်ဝါဒီတွေကလည်း တိုင်းရင်းသားဒေသတွေမှာ ရက်ရက်စက်စက် ဖိနှိပ်သတ်ဖြတ် အုပ်ချုပ်လာခဲ့တာ နှစ်ပေါင်း ၇၀ ကျော် ကြာခဲ့ပြီ။ တိုင်းရင်းသားလူမျိုးစုတွေဟာ ကြေမွမသွားဘဲ ဘယ်လိုနည်းနဲ့များ တောင့်ခံရင်ဆိုင်နေကြပါလိမ့်။ အခုတော့ ကြေမွမသွားတဲ့အပြင် ဖိနှပ်ရက်စက်တဲ့ စစ်အုပ်စုကို အပြင်းထန်ဆုံး တွန်းလှန်တိုက်ပွဲ ဝင်လာနိုင်ကြတာ ဘာကြောင့်လဲ။

ကျနော် တွေးမိပါတယ်။ ဘယ်လူမျိုးစုမဆို သူတို့မှာ မွန်မြတ်လှပတဲ့ နှလုံးသားကိုယ်စီ ရှိကြတယ်။ သဘာဝတရားကို ချစ်တဲ့စိတ်၊ ကိုယ့်ရေမြေတောတောင်ကို ချစ်တဲ့စိတ်၊ ကိုယ့်လူမျိုး ကိုယ့်ကိုယ်ပိုင်ယဥ်ကျေးမှုကို ချစ်တဲ့စိတ်၊ ကိုယ်စီကိုယ်ငှ အခိုင်အမာ ရှိကြတာပဲ။ အဲဒီချစ်တဲ့စိတ်က သူတို့ဘဝတွေကို ကြေမွမသွားရအောင် တင်းခံ၊ တောင့်ခံထားစေနိုင်ခဲ့တာပါပဲ။

ကျနော် ယုံကြည်တယ်။ အခုလို နှလုံးသားဓာတ်ခံ အားကောင်းမြင့်မားလှတဲ့ ကျနော်တို့ရဲ့ တိုင်းရင်းသားလူမျိုးစုသွေးချင်းတွေ မကြာခင် အောင်ပွဲခံနိုင်မှာ မလွဲတော့ပါဘူး။ ။

ငြိမ်းဝေ(ကဗျာ့အိုးဝေ)

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
Up