close

ကယား(ကရင်နီ)ပြည်နယ်တွင် စစ်ဘေးရှောင် ၉၁,၉၀၀ ခန့်ရှိလာ၊ ဆေးဝါး၊ ရေနှင့် အစားအစာ အကူအညီလိုအပ်နေ

ကယား(ကရင်နီ)ပြည်နယ်မှာ  စစ်ကောင်စီတပ်တွေနဲ့  PDF တိုင်းရင်းသားလက်နက်ကိုင် ပူးပေါင်းတပ်တွေအကြား တိုက်ပွဲတွေ ပြင်းထန် ဆက်လက်ဖြစ်ပွားနေပြီး  နေရပ်စွန့်ခွာလာရ လူဦးရေ  ၉၁,၉၀၀ လောက်ရှိသွားပြီလို့ ကုလသမဂ္ဂ ဒုက္ခသည်များဆိုင်ရာ မဟာမင်းကြီးရုံး (UNHCR) ရဲ့ ဖေဖော်ဝါရီ ၂၂ ရက်ထုတ်ပြန်ချက်အရ သိရပါတယ်။

အခုရက်ပိုင်းအတွင်းတိုက်ပွဲတွေကြောင့် ကယားပြည်နယ်မြို့တော် လွိုင်ကော်မြို့နယ်က နေရပ်ပြန်သူ ၂၀၀ လောက်ဟာလည်း   နီးစပ်ရာတောထဲသို့ ထပ်မံတိုက်ပွဲရှောင်ထွက်ပြေးခဲ့ရ တယ်လို့လည်း ဆိုပါတယ်။

ဒီမောဆို၊ ဖရူဆိုနဲ့ လွိုင်ကော်မြို့နယ်တွေမှာ လျှပ်စစ်မီး၊ ရေ၊ အင်တာနက်နဲ့ မိုဘိုင်းဆက်သွယ်ရေး ဝန်ဆောင်မှုလုပ်ငန်းတွေဟာ ပြီးခဲ့တဲ့လတွေကတည်းက ပြတ်တောက်နေပြီး လူသားချင်းစာနာမှုလုပ်ငန်းဆောင်ရွက်သူတွေအနေနဲ့ အရေးပေါ် အကူအညီတွေပေးအပ်နိုင်ဖို့ ပဋိပက္ခဒဏ်ခံစားရတဲ့ ဒေသတွေသို့ သွားလာခွင့် ချက်ချင်းရရှိဖို့ လိုအပ်တယ်လို့ UNHCR က ဆိုပါတယ်။

ဖေဖော်ဝါရီ ၁၅ ရက်က  ပြည်သူ့ကာကွယ်ရေးတပ်နဲ့ စစ်ကောင်စီတပ်တို့အကြား တကြော့ပြန် စစ်ပွဲကြောင့် မိုးဗြဲနဲ့ ဖယ်ခုံမှာ တိုက်ပွဲပြင်းထန်ခဲ့ပြီး အနီးအနားကျေးရွာတွေက ပြည်သူတွေ ရွာလုံးကျွတ် စစ်ဘေးရှောင်နေရသလို မြို့အတွင်း၊ ရွာအတွင်း ပိတ်မိတဲ့ပြည်သူတွေလည်းရှိပါတယ်။ 

စစ်ကောင်စီဘက်က လက်နက်ကြီးတွေနဲ့ပစ်ခတ် တိုက်လေယာဥ်တွေ ရဟတ်ယာဉ်တွေသုံးပြီး လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်ခဲ့လို့  ဖေဖော်ဝါရီလ ၁၈ ရက်က မိုးဗြဲ အပါအဝင် ဝှါရီဆူပလိုင် ကျေးရွာသူ ရွာသားတွေ ထောင်နဲ့ချီ ဘေးလွတ်ရာကို ထွက်ပြေး တိမ်းရှောင်နေကြရတယ်လို့  စစ်ဘေးရှောင်တွေကို ကူညီပေးနေသူတွေထံက သိရပါတယ်။ 

အိမ်ခြေ ၂၀၀ ကျော်ရှိတဲ့မိုးဗြဲအနီးနား ဝှါရီဆူပလိုင်ကျေးရွာဆိုရင် အိမ်ခြေ ၇၀ ခန့် စစ်ကောင်စီတပ်က မီးရှို့ ဖျက်ဆီးခံရလို့ ရွာသားတွေဟာ သူတို့ရဲ့ ဆွေမျိုးတွေဆီ စစ်ရှောင်ရသလို တချို့ရွာသား တောတောင်တွေမှာ စစ်ဘေးရှောင်နေရပါတယ်။ 

ကရင်နီပြည်နယ်အတွင်းတိုက်ပွဲတွေကြေင့် စစ်ဘေးရှောင်တွေဟာ ဆီဘူး၊ တောင်ကြီး၊ ဆီဆိုင်၊ ဆိုက်ခေါင် ၊ ပင်လောင်းနဲ့  အနောက်ကယန်းကျေးရွာတွေမှာလည်း သွားရောက်  တိမ်းရှောင်နေရပါတယ်။

ရှမ်း-ကယားနယ်စပ် ဖယ်ခုံမြို့နယ်တစ်ခုတည်းမှာ  စစ်ဘေးရှောင် မိသားစုပေါင်း ၁၀၀၀  ကျော် လူပေါင်း  ၄၀၀၀ ကျော်လောက်လောက်ရှိတယ်လို့ မိုးဗြဲစစ်ဘေးရှောင် အကူအညီပေးတဲ့အဖွဲ့တွေ ဆီက သိရပါတယ်။

မိုးဗြဲနဲ့ အနီးအနား ပိတ်မိတဲ့ ရွာသားတွေဟာ ဆေးဝါး၊ သောက်သုံးရေ၊ အစားအသောက်ရှားပါးမှု၊ ကုန်ဈေးနှုန်းကြီးမြင့်မှုနဲ့ အနွေးထည်၊ စောင်တွေ၊ အဝတ်အထည်တွေ နေရာထိုင်ခင်းလိုအပ်ချက်တွေနဲ့ ရင်ဆိုင်နေတယ်လို့ အကူအညီပေးရေးအဖွဲ့တွေက ပြောပါတယ်။

လက်ရှိမှာလည်း နေ့စဉ်တိုက်ပွဲတွေ ဆက်ဖြစ်နေတာကြောင့်  စစ်ဘေးရှောင်တွေ တနေ့တခြားများပြားလာပြီး နေရာလုံခြုံမှုမရှိတာ၊ စစ်ဘေးရှောင်ကလေးတွေ၊ သက်ကြီးရွယ်အိုတွေနဲ့ အမျိုးသမီးတွေ ရုပ်ပိုင်းဆိုင်ရာနဲ့ စိတ်ပိုင်းဆိုင်ရာ ထိခိုက်တွေကို လည်း ကုစားဖို့ လိုအပ်နေတယ်လို့လည်းဆိုပါတယ်။

စစ်ဘေးဒုက္ခသည်အတွက်  Safety Zone တွေ လိုအပ်နေသလို လူသားချင်းစာနာမှုဖြစ်တဲ့ ပြည်တွင်း၊ ပြည်ပနဲ့  နိုင်ငံတကာ အကူအညီလိုအပ်နေတယ်လို့လည်း အကူအညီပေးရေး အဖွဲ့တွေက ပြောပါတယ်။ 

မြန်မာနိုင်ငံမှာ  စစ်တပ်အာဏာသိမ်းတဲ့  ၂၀၂၁ ခုနှစ် ဖေဖေါ်ဝါရီလကတည်းက ကယားပြည်နယ်မှာ နေရပ်စွန့်ခွာလာရသူ လူဦးရေ ၉၁,၉၀၀ ခန့်၊ ကရင်ပြည်နယ်မှာ ၇၁,၈၀၀၊ ရှမ်းပြည်နယ်တောင်ပိုင်းမှာ ၅၁,၈၀၀၊ မွန်ပြည်နယ်မှာ ၇,၅၀၀၊ တနင်္သာရီတိုင်းမှာ ၂,၆၀၀ နဲ့ ပဲခူးတိုင်းမှာ ၈၀၀ ခန့် အပါအဝင် နိုင်ငံတဝန်း အိုးအိမ်စွန့်ခွာထွက်ပြေးရသူဦးရေ ၈၂၃,၄၀၀ လောက် ရှိသွားပြီလို့ နောက်ဆုံးထုတ်ပြန်ထားတဲ့ UNHCR ကိန်းဂဏန်းတွေအရသိရပါတယ်။

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
Up