close

ဘုံရန်သူ စစ်အာဏာရှင်ကို စည်းလုံးညီညွတ်စွာတွန်းလှန်ရန် သံအမတ်ကြီး ဦးကျော်မိုးထွန်း တိုက်တွန်း

ပြည်တွင်း ပြည်ပက အင်အားစုတွေအကြား မတူညီတာတွေ ရှိနေပေမဲ့ တူညီတဲ့ ဘုံရန်သူဖြစ်တဲ့ အာဏာရှင်စနစ်ကို စည်းလုံးညီညွတ်စွာနဲ့ အမြစ်ဖြတ်တွန်းလှန်သွားကြဖို့ ကုလသမဂ္ဂ  အမြဲတမ်းကိုယ်စားလှယ် မြန်မာသံအမတ်ကြီး ဦးကျော်မိုးထွန်းက တိုက်တွန်း ပြောလိုက်ပါတယ်။

ကုလသမဂ္ဂအထွေထွေညီလာခံမှာ လက်သုံးချောင်းထောင်ပြီး မြန်မာပြည်သူတွေဘက်က ရပ်တည် အာဏာဖီဆန်  CDM လုပ်ခဲ့တာ တနှစ်ပြည့်အထိမ်းအမှတ် သံအမတ်ကြီး ဦးကျော်မိုးထွန်းအတွက် ဂုဏ်ပြုပွဲကို ဖေဖော်ဝါရီ ၂၅ ရက်က နယူးယောက်မြို့ရှိ မြန်မာနိုင်ငံဆိုင်ရာ အမြဲတမ်းကိုယ်စာလှယ်ရုံးရှေ့မှာ ပြုလုပ်ရာမှာ သံအမတ်ကြီးက ပြောကြားခဲ့တာပါ။

“ကျနော်ကတော့ အားလုံးကို မေတ္တာရပ်ခံချင်တာကတော့ ကျနော်တို့ အရေးတော်ပုံ အမြန်ဆုံးအောင်ဖို့ လိုတယ်။ အရေးတော်ပုံ အမြန်ဆုံးအောင်ဖို့အတွက်ကို ကျနော်တို့ အားလုံးပေါ့နော် ပြည်တွင်းမှာရှိတဲ့လူတွေရော ပြည်ပမှာရှိတဲ့ လူတွေ အကုန်လုံးရော စည်းစည်းလုံးလုံး ညီညီညွတ်ညွတ်နဲ့ မတူတာတွေတော့ရှိမယ်၊ ဒါပေမဲ့ ကျနော်တို့တူတာကတော့ ဘုံရန်သူကို အမြန်ဆုံး  အမြစ်ဖြတ်ဖို့ကတော့ လုံးဝဥဿုံ တူတဲ့အတွက် အဲဒီရဲ့ တူတွေဟာတွေကို အမြန်ဆုံးချေမှုန်းအောင် အမြန်ဆုံး အမြစ်ဖြတ်အောင် ကျနော်တို့ ဒီထက်ပိုပြီး စည်းစည်းလုံးလုံးညီညီညွတ်ညွတ်နဲ့ လက်တွဲပြီးတော့ ဆက်လက်ဆောင်ရွက်ပေးသွားကြဖို့ မေတ္တာရပ်ခံပါတယ်။ အခုလိုမျိုး ဆောင်ရွက်ပေးနေတဲ့လည်း ကျေးဇူးတင်ကြောင်းထပ်လောင်း ပြောလိုပါတယ်။ စည်းလုံးခြင်းသည်အင်အားဖြစ်တဲ့အတွက်ကြောင့် ပြည်သူသာ အဓိကသာဖြစ်တဲ့ အတွက်ကြောင့် ကျနော်တို့ ဒီပြည်သူ့အင်အားနဲ့ ပြည်သူတွေ စည်းလုံးညီညွတ်မှုနဲ့ ကျနော်တို့ စစ်အာဏာရှင်ကို အမြန်ဆုံး အမြစ်ပြတ်အောင် ဆက်လက် ဆောင်ရွက်သွားကြပါစို့”လို့ သံအမတ်ကြီး ဦးကျော်မိုးထွန်းက ပြောပါတယ်။

ဂုဏ်ပြုပွဲကို နယူးယောက်မြို့နဲ့ ပတ်ဝန်းကျင်မှာနေထိုင်ကြတဲ့ မြန်မာ့ဒီမိုကရေစီရေး တက်ကြွလှုပ်ရှားသူ လူအင်အား ၁၀၀ ကျော်ကလာရောက်စုရုံးခဲ့ကြပြီး  မေတ္တာနဲ့ရေးထားတဲ့အိပ်ဖွင့်ပေးစာတွေနဲ့ ပန်းစည်းတွေ ပေးအပ်ကာ သံအမတ်ကြီးအတွက် ဆုတောင်း မေတ္တာ ပို့သ ဆန္ဒထုတ်ဖော်ကြပါတယ်။ 

သံအမတ်ကြီးရဲ့ ရဲရဲဝံ့ဝံ့ဖြတ်ချက်နဲ့ သံအမတ်ကြီးမိသားစုရဲ့ ပြတ်ပြတ်သားသားပံ့ပိုးမှုတွေကို နယူးယောက်မြို့ရှိ မြန်မာပြည်သူတွေက နှစ်နှစ်ကာကာ ကျေးဇူးတင်ပြီး တွေ့ဆုံ ဂုဏ်ပြုတာလို့ ပါဝင်သူ တစ်ယောက်က ပြောပါတယ်။  

“မိစ္ဆာမအလတို့တွေ အကြောက်ဆုံးက ပြည်သူရဲ့ “လုံးဝအုပ်ချုပ်၍မရစေရ” ဆိုတဲ့ Civil Disobedience Movement မှာ သံတမန်ရေးရာမှာ သိပ်အရေးကြီးတဲ့ သံအမတ်ကြီး ဦးကျော်မိုးထွန်း ပါဝင်လိုက်တဲ့အတွက် လက်တွေ့မှာ ပြည်သူတွေ သိပ်အားတက်ရသလို၊ နွေဦးတော်လှန်ရေး  နိုင်ဖို့ခြေလှမ်းတွေလည်း ပိုခိုင်မာသွားခဲ့တယ်။” 

သံအမတ်ကြီး ဦးကျော်မိုးထွန်းကို အာဏာသိမ်းစစ်ကောင်စီဘက်ကတော့ နိုင်ငံ့သစ္စာဖောက်အဖြစ် သတ်မှတ်ကာ ဖယ်ရှားဖို့ကြိုးစားခဲ့ပေမဲ့ အခုချိန်ထိတော့ ကုလသမဂ္ဂဆိုင်ရာ မြန်မာအမြဲတမ်း ကိုယ်စားလှယ်အဖြစ် NUG အစိုးရနဲ့  နွေဦးတော်လှန်ရေးဘက်ကနေ ရပ်တည်နေဆဲဖြစ်ပါတယ်။

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
Up