close

သီရိလင်္ကာတွင် ကောက်ပဲသီးနှံအထွက်နှုန်း ၃၀ ရာခိုင်နှုန်းထက်မနည်း ကျဆင်း

လောင်စာဆီ ပြတ်လပ်လို့ အကြပ်ရိုက်နေတဲ့ သီရိလင်္ကာနိုင်ငံမှာ ကောက်ပဲသီးနှံ အထွက်နှုန်း ၃၀ ရာခိုင်နှုန်း ထက်မနည်း ကျဆင်းနိုင်တယ်လို့ စိုက်ပျိုးရေး ပညာရှင်တွေက ပြောပါတယ်။
ဒါကြောင့် ဆန်လက်လီဈေးက ၃၀ ရာခိုင်နှဒန်း တက်သွားနိုင်တယ်လို့ ပေရာဒေနိယ တက္ကသိုလ် စိုက်ပျိုးရေး ပါမောက္ခ ဗုဒ္ဓိ မာရမ်ဘေက ပြောပါတယ်။
နိုင်ငံတွင်း ဓာတ်မြေဩဇာသုံးစွဲမှု တားမြစ်ပိတ်ပင်ရေး အစိုးရရဲ့ ဆုံးဖြတ်ချက်ကိုလည်း သူက အပြစ်တင်ခဲ့ပါတယ်။
ပြီးခဲ့တဲ့ ဧပြီလက ဓာတ်မြေဩဇာ တင်သွင်းသုံးစွဲမှုကို သမ္မတ ဂိုတာဘာယာ ရာဂျာပတ်ခ်စာ အစိုးရက တားမြစ်ပိတ်ပင်ခဲ့ပြီး ပိုကျန်းမာစေတဲ့ စိုက်ပျိုးရေး အလေ့အထတွေကို အားပေးဖို့နဲ့ စိုက်ပျိုးရေးက ပိုပြီး ရေရှည် တိုးတက်စေဖို့ ရည်မှန်းခဲ့တာပါ။
ဒါပေမယ့် လယ်သမားတွေ အကြီးအကျယ် ဆန္ဒပြပြီး စားသောက်ကုန် ဈေးနှုန်း ကြီးမြင့်လာတဲ့အပြင် သီရိလင်္ကာနိုင်ငံရေးမှာ ရာဂျာပတ်စာမိသားစု နိုင်ငံရေး ခြေကုပ်အတွက် အဓိကဖြစ်တဲ့ ကျေးလက်မဲရှင်တွေရဲ့ ထောက်ခံမှု ကျဆင်းလာလို့ တားမြစ်ပိတ်ပင်ချက်ကို ပြန်ဖယ်ရှား ပေးခဲ့ရပါတယ်။
လူဦးရေ ၂၂ သန်းရှိတဲ့ သီရိလင်္ကာနိုင်ငံမှာ ဆယ်စုနှစ်တခုအတွင်း အဆိုးဆုံး စီးပွားရေး အကျပ်အတည်းကို ရင်ဆိုင်နေရတဲ့အပြင် ငွေကြေးဖောင်းပွမှု တိုးမြင့်လာပြီး နိုင်ငံခြား အရန်ငွေ စံချိန်တင် ကျဆင်းခဲ့ပါတယ်။
စားသုံးသူတွေ သက်သာစေဖို့ အစိုးရက အိမ်နီးချင်း တိုင်းပြည်တွေက ချေးငွေနဲ့ ဆန် တင်သွင်းခဲ့ရတာပါ။ လယ်သမားတွေကို ကူညီဖို့ အစိုးရက ဝယ်တဲ့ အနိမ့်ဆုံး ဆန်ဈေးကိုလည်း တိုးမြှင့်ပေးခဲ့ရပြီး စပါးစိုက်မြေ ၁ ဟက်တာကို အမေရိကန်ဒေါ်လာ ၂၄၈ ဒေါ်လာနှုန်းနဲ့ အစိုးရက လျော်ကြေးပေးခဲ့ပေမယ့် အစိုးရရဲ့ လျော်ကြေးငွေတွေ ဘယ်တော့ ဘယ်လို ရောက်လာမလဲ မသိသေးဘူးလို့ လယ်သမားတွေက ပြောနေကြပါတယ်။
လျော်ကြေးငွေက ဆုံးရှုံးမှုအတွက် မလောက်ငတဲ့အပြင် အစိုးရအပေါ် လူကြိုက်နည်းတာက နက်ရှိုင်းလာနေတယ်လို့ ကိုလံဘို တတ်သိပညာရှင်အဖွဲ့ ဗီရိုက် သုတေသနရဲ့ စစ်တမ်းအသစ်က ဆိုထားပါတယ်။

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
Up