ဆွမ်ပီယန်ကျေးရွာတွင် တိုက်ပွဲဖြစ်၊ လူနေအိမ်များ မီးလောင်နေဆဲ

ကချင်ပြည်နယ်၊ ပူတာအိုမြို့နယ်၊ ဆွမ်ပီယန်ကျေးရွာမှာ မတ်လ ၃ ရက် ဒီ ညနေ ၅ နာရီလောက်က ရွာထဲဝင်လာတဲ့ စစ်ကောင်စီစစ်ကြောင်းနဲ့ ကချင်လွတ်မြောက်ရေး တပ်မတော်(ကေအိုင်အေ) တပ်ဖွဲ့တွေအကြား တိုက်ပွဲဖြစ်ပွားခဲ့တယ်လို့ ရွာခံတွေထံက သိရပါတယ်။
စစ်ကောင်စီစစ်ကြောင်းက ရွာထဲဝင်လာပြီး ပြည်သူတွေကို စတင်ပစ်ခတ်တာကြောင့် ရွာဘေး တော်ကုန်းပေါ်မှာ ရောက်ရှိနေတဲ့ ကေအိုင်အေ တပ်သားတွေက ပြန်လည် ပစ်ခတ်တာကြောင့် တိုက်ပွဲဖြစ်ပွားခဲ့တာပါ။
တိုက်ပွဲမှာ စစ်ကောင်စီတပ်က လက်နက်ကြီးကုန်းတွေကနေ လက်နက်ကြီးနဲ့ ပစ်ခတ်တာကြောင့် ဆွမ်ပီယန်ကျေးရွာက နေအိမ်တွေ အခုအချိန်ထိ မီးလောင်နေတယ်လို့ တိုက်ပွဲတိမ်းရှောင်နေတဲ့ ရွာခံက ပြောပါတယ်။
"စစ်တပ်(စကစ)က ရွာထဲဝင်လာပြီးတော့ ရွာမှာရှိနေတဲ့သူတွေကို စပစ်တယ်၊ အဲဒါတော့ ကျနော်ာတို့တွေ့လိုက်တယ်၊ ကျနော်တို့ ကြောက်လို့ ထွက်ပြေးခဲ့ရတာ၊ ဘယ်သူတွေထိလဲတော့ မသိဘူး၊ သူတို့စပစ်တော့ တောင်ကုန်းက KIA တွေကပြန်ပစ်တော့တိုက်ပွဲဖြစ်ကြတာ၊ တော်တော်ကြာတယ်၊ စစ်တပ်(စကစ) ကလက်နက်ကြီးတွေနဲ့လည်း ပစ်တယ်။ ရွာက အိမ်တွေ မီးလောင်ကုန်ပြီ၊ အခုအချိန်လောင်နေတုန်းပဲ၊ အဝေးကနေမြင်ရတာတောင် မီးရောင်တွေက အရမ်းတောက်နေတယ်"လို့ ပြောပါတယ်။
ဆွမ်ပီယန်ကျေးရွာဟာ မီးလောင်နေဆဲဖြစ်တယ်လို့ နေအိမ်ဘယ်နှလုံး မီးထဲပါသွားတယ် ဆိုတာကိုတော့ မသိရသေးပါဘူး။
ကျေးရွာသားအများစုဟာ အရင်ရက်တွေကတည်းက တိုက်ပွဲတွေကြောင့် ရွာလုံးကျွတ်တိမ်းရှောင်နေခဲ့ကြရတာပါ။
ပြည်သူတချို့ကတော့ ရွာပြန်ပြီး မွေးမြူထားတဲ့ တိရိစ္ဆာန်တွေကိုအစာကျွေးတာ၊လိုအပ်တဲ့ စားနပ်ရိက္ခာတွေသွားယူလေ့ရှိပြီး တိုက်ပွဲဖြစ်တဲ့ အချိန် ဝက်စာ ပြန်ကျွေးတဲ့နေတဲ့ အသက်၂၀ကျော် အရွယ် လူငယ်တစ်ယောက်လည်း ပျောက်ဆုံးနေပါတယ်။
ကျေးရွာက ပြည်သူတွေဟာ ရွာအနီးက တောတောင်တွေမှာ တိမ်းရှောင်နေပေမဲ့ တိုက်ပွဲဖြစ်ပွာချိန် လက်နက်ကြီး တစ်လုံးကျရောက်ပေါက်ကွဲတာကြောင့် တခြားနေရာကို ထပ်မံ ရွှေ့ပြောင်းနေထိုင်နေရတယ်လို့ သိရပါတယ်။
ဆွမ်ပီယန်ဒေသမှာ ဖေဖော်ဝါရီ ၁ ရက်နေ့ ဖြစ်ပွားခဲ့တဲ့ စစ်ကောင်စီ စခန်းသိမ်းတိုက်ပွဲကနေ ယနေ့ အချိန်ထိ တိုက်ပွဲတွေ ဖြစ်ပွားနေတာပါ။
ဆွမ်ပီယန် ကျေးရွာနားက ရှိတ်ကတ်တောင်ပတ်ဝန်းကျင်တွေမှာလည်း တိုက်ပွဲတွေ နေ့စဉ်နီးပါးဖြစ်ပွားနေပြီး KIA နဲ့ KPDFတွေ ပူးပေါင်းသိမ်းပိုက်ထားတဲ့ တပ်စခန်းကို စစ်ကောင်စီက ပြန်လည်ရယူဖို့ အပြင်းအထန်တိုက်ခိုက်နေတာလို့ ရွာခံပြည်သူတွေကနေ သိရပါတယ်။