close

ထိုင်း-မြန်မာ နယ်စပ်ကုန်သွယ်ရေးတွင် ကျပ်ငွေနှင့် ဘတ်ငွေ တိုက်ရိုက်ပေးချေနိုင်

ထိုင်း-မြန်မာ နှစ်နိုင်ငံနယ်စပ်ဒေသ ကုန်သွယ်မှုမှာ ထိုင်းနိုင်ငံသုံး ဘတ်ငွေနဲ့ မြန်မာကျပ်ငွေတို့အကြား တိုက်ရိုက်အသုံးပြု ပေးချေနိုင်တယ်လို့ စစ်ကောင်စီ လက်အောက်ခံ နိုင်ငံတော်ဗဟိုဘဏ်မှ မတ်လ ၃ ရက်က  ထုတ်ပြန်လိုက်ပါတယ်။

အဆိုပါကြေညာချက်မှာ ဖော်ပြချက်အရ ထိုင်း-မြန်မာ နှစ်နိုင်ငံကုန်သွယ်မှုကို တိုးမြှင့်နိုင်ရန်ဖို့နဲ့ ကုန်စည်စီးဆင်းမှု မြန်ဆန်ချောမွေ့စေဖို့၊ နှစ်နိုင်ငံငွေပေးချေမှုနဲ့ စာရင်းရှင်းလင်းမှုစနစ် လွယ်ကူချေမွေ့စေဖို့ ASEAN Financial Integration ရဲ့ ရည်ရွယ်ချက်နဲ့အညီ ပြည်တွင်း ငွေကြေးသုံးစွဲမှုကို တိုးမြှင့်ဖို့ ရည်ရွယ်ကာ ထိုင်း-မြန်မာနှစ်နိုင်ငံ နယ်စပ်ဒေသတွင် ဘတ်ငွေနဲ့ ကျပ်ငွေအကြားမှာ တိုက်ရိုက် အသုံးပြုပေးချေမှုကို ဆောင်ရွက်ခွင့်ပြုလိုက်တယ်လို့ ဗဟိုဘဏ်က ဆိုပါတယ်။

ဒါကြောင့် ဘတ်ငွေနဲ့ ကျပ်ငွေအကြား တိုက်ရိုက်အသုံးပြုပေးချေမှုကို ဆောင်ရွက်ခွင့်ရတဲ့ ဘဏ် (Designated bank) တွေမှာ နယ်စပ်ကုန်သွယ်မှု ဆောင်ရွက်မယ့် သွင်းကုန်တင်သွင်းသူတွေနဲ့ ပို့ကုန်တင်ပို့သူတွေ ဘဏ်စာရင်းတွေ ဖွင့်လှစ်ခွင့် ရရှိမှာဖြစ်ပါတယ်။ 

ဗဟိုဘဏ် ထုတ်ပြန်ကြေညာချက်နဲ့ပတ်သတ်ပြီး ပို့ကုန်၊ သွင်းကုန်လုပ်ငန်းရှင်တဦးက “ထိုင်း-မြန်မာနယ်စပ်ကုန်သွယ် ရေးမှာ ထိုင်းဘတ်ငွေနဲ့ မြန်မာကျပ်ငွေ တိုက်ရိုက်ပေးချေနိုင်တယ် ဆိုတော့ ဒါက ဘာပဲဖြစ်ဖြစ် ကောင်းပါတယ်။ အခုဆိုရင် တရုတ်ယွမ်ငွေကိုလည်း ခွင့်ပြုထားတဲ့အပြင် ထိုင်းဘတ်ငွေအတွက်လည်း ခွင့်ပြုထားတယ်ဆိုတော့ ကောင်းပါတယ်။ ဒါပေမဲ့ တခုပဲ ပြဿနာရှိတာက လက်ရှိအနေအထားမှာ မြန်မာ့စီးပွားရေးဘဏ်တခုကိုပဲ ခွင့်ပြုထားတယ်လို့ ကျနော်တို့ သိရတယ်နော်။ ဆိုတော့ ဒါက လုပ်ရကိုင်ရတာ နည်းနည်းတော့ ခက်တာပေါ့ဗျာ။ အစိုးရ ဘဏ်တခုတည်းကိုပဲ ခွင့်ပြုထားလို့လေ။ အဲဒီလိုမဟုတ်ဘဲ ပုဂ္ဂလိကဘဏ်တွေကိုလည်း ခွင့်ပြုပေးမယ်ဆိုရင်တော့ ပိုပြီးတော့ လုပ်ရကိုင်ရတာ အဆင်ပြေတာ ပေါ့ဗျာ။ ထိုင်း-မြန်မာကတော့ နယ်စပ်ကုန်သွယ်ရေးက ပုံမှန်ရှိနေပါတယ်။ တရုတ်ကသာ ပိတ်လိုက်၊ ဖွင့်လိုက်ဖြစ်တာနော်။ ထိုင်းကတော့ ပိတ်လိုက်၊ ဖွင့်လိုက်မရှိပါဘူး။ လက်ရှိမှာဆိုရင်လည်း ကျနော်တို့ဘက်က ပြောင်းသီးနှံတို့ ဘာတို့ပေါ့နော်။ နယ်စပ်ကတဆင့် ထိုင်းဆီ ပို့နေတာပါ” လို့ ဒီဗွီဘီကို ပြောပါတယ်။

နိုင်ငံခြားငွေကြေးရောင်းဝယ်ခွင့်လုပ်ငန်းရရှိထားတဲ့လုပ်ငန်းရှင်တဦးကလည်း “နယ်စပ်တွေမှာ ရှိတဲ့ မြန်မာ့စီးပွားရေးဘဏ် တွေမှာ အဓိကပြဿနာက သူတို့မှာ အွန်လိုင်းစနစ်မရှိဘူးနော်။ Core banking System ပေါ့။ မရှိတော့ ကုန်သည်တွေက ရန်ကုန်ကနေ  cheque နဲ့ပေးချေလို့ မရဘူးလေ။ နယ်စပ်ဆီ သွားလုပ်မှဘဲ ရတယ်။ ဒါပေမယ့် ပုဂ္ဂလိက ဘဏ်တွေမှာ ဆိုရင်တော့ သူတို့ဆီမှာ အွန်လိုင်းစနစ် ရှိတာကြောင့် ဘယ်လိုပဲတင်တင်ရတယ်။ cheque တို့ ဘာတို့ပေါ့နော်။ နောက်တခါ ရောင်းတဲ့နေရာ၊ဝယ်တဲ့နေရာမှာလည်း အခက်အခဲ ရှိစေတယ်။ ဘာလို့လဲဆို အစိုးရဘဏ် ဖြစ်နေလို့လေ။ ဆိုလိုတာက ထိုင်းဘတ်ငွေကို ဘယ်လိုရောင်းပြီး၊ဘယ်လိုဝယ်မလဲ။ ဘယ်နှုန်းနဲ့ ရမလဲ။ ပြီးတော့ ငွေသားရမလား။ ဒါမျိုး တွေရှိတာ ပေါ့နော်။ ဆိုတော့ ချက်ချင်းကြီးကတော့ မဖွင့်ဖြိိုးနိုင်သေးဘူး။ ဒါပေမယ့် ကောင်းတော့ ကောင်းပါတယ်” လို့ ဆိုပါတယ်။

စီးပွားကူးသန်းဝန်ကြီးဌာနမှ ထုတ်ပြန်တဲ့ ကိန်းဂဏန်းအချက်အလက်တွေအရ ထိုင်း-မြန်မာ နှစ်နိုင်ငံနယ်စပ်ကုန်သွယ်မှုက အခုဘဏ္ဍာနှစ်ဖြစ်တဲ့ ၂၀၂၁ ခုနှစ် အောက်တိုဘာ ၁ ရက်မှ ၂၀၂၂ ခုနှစ် ဖေဖော်ဝါရီ ၂၅ ရက်အထိ ပို့ကုန်တန်ဖိုး အမေရိကန်ဒေါ်လာ ၁၃၉၀ ဒသမ ၈၂ သန်း၊ သွင်းကုန်တန်ဖိုး အမေရိကန်ဒေါ်လာ ၇၀၁ ဒသမ ၈၇ သန်း ရှိတာကြောင့် ကုန်သွယ်မှုပမာဏစုစုပေါင်း အမေရိကန်ဒေါ်လာ ၂၀၉၂ ဒသမ ၇ သန်း ရှိပါတယ်။

ယမန်နှစ်ကာလတူဖြစ်တဲ့ (၁-၁၀-၂၀၂၀ မှ ၂၅-၂-၂၀၂၁ အထိ) ပို့ကုန်တန်ဖိုး အမေရိကန်ဒေါ်လာ ၉၁၈ ဒသမ ၅၃ သန်း၊ သွင်းကုန်တန်ဖိုး အမေရိကန်ဒေါ်လာ ၅၀၁ ဒသမ ၉၆ သန်း ရှိခဲ့ပြီး ကုန်သွယ်မှုပမာဏစုစုပေါင်း အမေရိကန်ဒေါ်လာ ၁၄၂၀ ဒသမ ၅ သန်း ရှိခဲ့ပါတယ်။

ဒါကြောင့် အခုနှစ်နဲ့ယမန်နှစ်တို့အကြား ကာလတူကုန်သွယ်မှုပမာဏအားနှိုင်းယှဉ်ပါက ပို့ကုန်တန်ဖိုး အမေရိကန်ဒေါ်လာ ၄၇၂ သန်း တိုးလာခဲ့သလို သွင်းကုန်တန်ဖိုးကလည်း အမေရိကန်ဒေါ်လာ ၁၉၉ သန်း တိုးလာတာကြောင့် ကုန်သွယ်မှု ပမာဏစုစုပေါင်း အမေရိကန်ဒေါ်လာ ၆၇၂ သန်းတိုးလာတာ တွေ့ရပါတယ်။

ယနေ့ ငွေလဲလှယ်တဲ့နေရာတွေမှာရှိတဲ့  ဈေးနှုန်းက  ထိုင်းငွေကြေး ၁ ဘတ်တန်ဖိုးမှာ ဝယ်စျေး မြန်မာကျပ်  ၅၉  ဒသမ ၄၀ ရှိပြီး ရောင်းစျေး  ၆၀ ဒသမ ၁၀ ကျပ်ရှိပါတယ်။

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
Up