close

သံတွဲတွင် ဒီမိုကရေစီအရေး တက်ကြွလှုပ်ရှားသူ လူငယ် ၁ ဦး ဖမ်းဆီးထောင်ချခံရ

ရခိုင်ပြည်နယ်၊ သံတွဲမြို့မှာ စစ်အာဏာရှင်စနစ်ကို ဆန့်ကျင်တဲ့ ဒီမိုကရေစီအရေး တက်ကြွလှုပ်ရှားသူ လူငယ်တယောက်ကို စစ်ကောင်စီက ဖမ်းဆီးပြီး အမှုကို အပြန်အလှန်စစ်ဆေးတာ မလုပ်ဘဲ မတ်လ ၃ ရက်က ချက်ချင်းထောင်ချခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။

ဖမ်းဆီးခံရသူ ကိုဇေယျာထွန်းဟာ ၂၀၂၁ ခုနှစ် ဖေဖော်ဝါရီမှာ စစ်တပ်က အာဏာသိမ်းပြီးနောက်ပိုင်း စစ်အာဏာရှင်စနစ်ကို မလိုလားကြောင်း သံတွဲမြို့ပေါ် လမ်းလျှောက်ဆန္ဒပြမှုတွေမှာ တက်ကြွစွာ ပါဝင်လှုပ်ရှားခဲ့သူ ဖြစ်ပါတယ်။

သံတွဲမြို့ပေါ် လမ်းလျှောက်ဆန္ဒပြပွဲတွေ အပြီးမှာ စစ်ကောင်စီ အုပ်ချုပ်ရေးတာဝန်ရှိသူတွေက ကိုဇေယျာထွန်းကို ငြိမ်းချမ်းစွာ စီတန်းလှည့်လှည်ခြင်းဆိုင်ရာ ဥပဒေပုဒ်မ ၁၉၊ သဘာဝဘေး စီမံခန့်ခွဲမှု ဥပဒေပုဒ်မ ၂၅ တို့နဲ့ အမှုဖွင့် ဖမ်းဝရမ်းထုတ်ခဲ့ပါတယ်။

ကိုဇေယျာထွန်းရဲ့ မိတ်ဆွေတယောက်က "အဲဒီတုန်းက သူ့အိမ်လာဖမ်းချိန်မှာ သူက ရှောင်နေတော့ မဖမ်းနိုင်ခဲ့ဘူး။ အားလုံးက ဒီအမှု ပြီးသွားပြီလို့ ထင်နေတာ။ အခုက ရုတ်တရက်ကြီး ဖမ်းလိုက်တာ။ ၁၅ ရက်နေ့ညမှာ အိမ်မှာ လာဖမ်းသွားတာ" လို့ ပြောပါတယ်။

ဖမ်းဆီးပြီးနောက် ၁၇ ရက်နေ့က တရားရုံးမှာ ရမန်ယူခဲ့ပြီး ကိုဗစ်စစ်ဆေးရာမှာတော့ ကိုဗစ်ပိုးတွေ့တဲ့အတွက် ဆေးရုံမှာပဲ ချုပ်ထားခဲ့သလို သူ့ရဲ့အိမ်က မိသားစုကိုလည်း လော့ဒေါင်းလုပ်ထားခဲ့ပါတယ်။

အဲဒီနောက် နောက်တကြိမ်ရုံးချိန်းမှာ စစ်ကောင်စီလက်အောက်ခံ တရားသူကြီးက ထောင်ဒဏ်ချမှတ်ခဲ့တာပါ။

ကိုဇေယျာထွန်းရဲ့ မိတ်ဆွေက "တကယ်တော့ ဒီရုံးချိန်းမှာ အာမခံကိစ္စအတွက် စီစဉ်ထားတာ။ ဒါကို တခါတည်း အမိန့်ချလိုက်တာ။ ငြိမ်းစုစီအတွက်က တလ၊ သဘာဝဘေးစီအတွက်က တနှစ်။ တရားလိုက ခရိုင်အုပ်ချုပ်ရေးရုံးက တယောက်ပဲ" လို့ ဆက်ပြောပါတယ်။

သံတွဲမြို့မှာ အာဏာသိမ်းတာကို ကန့်ကွက် ဆန့်ကျင်ခဲ့သူတွေကို စစ်တပ်လက်အောက်ခံ ရဲတွေက ကားနဲ့တိုက် ဖြိုခွဲဖို့ ကြိုးစားခဲ့ပြီး အဲဒီကားကို လက်သီးနဲ့ထိုးခဲ့သူ တယောက်ကိုလည်း ဝတ္တရားနှောင့်ယှက်မှုနဲ့ တရားစွဲဆိုထားပြီး လာမယ့် ၉ ရက်နေ့မှာ အမိန့်ချဖို့ ရှိနေပါတယ်။

ဆန္ဒပြခဲ့သူတွေကို မုန့်နဲ့ ရေတွေ ဝေပေးခဲ့တဲ့ ဦးခင်မောင်ကိုလည်း ဖမ်းဆီးခဲ့ပြီး တလကြာ ချုပ်နှောင်ထားပြီးနောက် စစ်ကောင်စီက အမှုတွေ ပိတ်သိမ်းရာမှာ ပြန်လည်လွတ်မြောက်ခဲ့ပါတယ်။ ဒါ့အပြင် ဆန္ဒပြရာမှာ ပါဝင်သူ ၃ ယောက်ကိုလည်း ထောင်ဒဏ်တလချခဲ့ပြီး အခုတော့ ပြန်လည်လွတ်မြောက်ခဲ့ပြီး ဖြစ်ပါတယ်။

လက်ရှိမှာတော့ အမျိုးသမီး ၃ ယောက် အပါအဝင် သံတွဲဒေသခံ ပြည်သူ ၅ ယောက်ကို ပုဒ်မ ၅၀၅၊ ပုဒ်မ ၅၀(ည) တို့နဲ့ အမှုဖွင့် တရားစွဲဆို စစ်ဆေးနေပြီး အမျိုးသမီးတွေကို သံတွဲထောင်မှာ ချုပ်နှောင်ထားတယ်လို့ ဒေသခံတွေက ပြောပါတယ်။

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
Up