ဆွမ်ပီယန်ရွာတွင် စစ်ကောင်စီတပ်နှင့် ကေအိုင်အေ၊ PDF ပူးပေါင်းတပ်တို့ တိုက်ပွဲပြင်းထန်

ကချင်ပြည်နယ်၊ ပူတာအိုမြို့နယ်၊ ဆွမ်ပီယန်ကျေးရွာမှာ မတ် ၄ ရက် မနက်ပိုင်းက စစ်ကောင်စီတပ်နဲ့ ကေအိုင်အေ၊ PDF ပူးပေါင်းတပ်ဖွဲ့တို့ တိုက်ပွဲ အပြင်းအထန် ဖြစ်ပွားနေပါတယ်။
စစ်ကောင်စီတပ်နဲ့ ကေအိုင်အေ၊ PDF ပူးပေါင်းတပ်ဖွဲ့တို့အကြား မနက် ၆ နာရီခန့်က နှစ်ဖက် လက်နက်ကြီး လက်နက်ငယ်တွေနဲ့ ပစ်ခတ်မှုဖြစ်ပွားပြီး နေအိမ် ၄ လုံး မီးလောင်ခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။
ဆွမ်ပီယန် ဒေသခံတဦးက “မနေ့ ညပိုင်းကတည်းက ဖြစ်နေတာ၊ နားပြီး ဒီမနက် ၆ နာရီလောက်မှာ လက်နက်ကြီး လက်နက်ငယ်တွေနဲ့ ပစ်နေတယ်၊ တိုက်ပွဲထပ်ဖြစ်ကြတယ်။ ခုချိန်ထိလည်း သေနတ်သံတွေ ကြားနေရတာပဲ။ ကျေးရွာထဲက နေအိမ် ၄ လုံးလည်း မီးလောင်သွားတယ်” လို့ ပြောပါတယ်။
ဖေဖော်ဝါရီလကစတင်ပြီး စစ်ရေးပြင်းထန်ခဲ့တဲ့ ဆွမ်ပီယန်ကျေးရွာကို စစ်ကောင်စီတပ်က မတ်လ ၁ ရက် ညနေပိုင်းက ဂျက်လေယာဉ်နဲ့ ဗုံးကြဲ တိုက်ခိုက်ခဲ့ပါသေးတယ်။
ဂျက်လေယာဉ်နဲ့ ဗုံးကြဲခဲ့တဲ့အတွက် ဆွမ်ပီယန်ကျေးရွာ၊ လုံရှာယန်ကျေးရွာနဲ့ အင်စီယန်ကျေးရွာတွေက ပြည်သူ ၆,၀၀၀ ကျော်ဟာ စစ်ဘေးလွတ်ရာ တောထဲနဲ့ တခြားဒေသတွေကို ထွက်ပြေး တိမ်းရှောင်နေကြရပါတယ်။